
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာမှာ စက်တင်ဘာ ၂၁ရက် ညက ကျေးရွာအုပ်ချုပ်ရေးမှူး မိသားစုနဲ့ ရွေးကောက်ပွဲ မဲရုံစောင့် အထူးရဲ ဝန်ထမ်းဟောင်း တဦးတို့ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရလို့ သေဆုံးသွားပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရလို့ ကုက္ကိုကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြမောင်နဲ့ သားဖြစ်သူဟာ သေနတ်ဒဏ်ရာကြောင့် ပွဲချင်းပြီးသေဆုံးခဲ့ကာ ဇနီးဖြစ်သူကတော့ ဒဏ်ရာပဲရှိခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။
"ဘယ်သူတွေလဲတော့ မသိဘူး၊ ဆိုင်ကယ် ၈ စီးလောက်နဲ့ တစ်စီးမှာ ၂ယောက်စီ စီးပြီး လာတယ်။ အုပ်ချုပ်ရေးမှူးအိမ်သွားပြီး သေနတ်နဲ့ ပစ်သတ်သွားတာ အုပ်ချုပ်ရေးမှူး ဇနီးက တင်ပါးထိတယ်။ မသေဘူး " လို့ ဒေသခံ ရွာသားတစ်ဦးက ပြောပါတယ်။
အမည်မသိ လက်နက်ကိုင်အဖွဲ့ဟာ အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီးနောက် ရွေးကောက်ပွဲကာလတုန်းက မဲရုံစောင့်အထူးရဲလုပ်ခဲ့တဲ့ ဦးသန်းလင်း အိမ်ကိုသွားရောက်ကာ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဦးသန်းလင်း သေဆုံးသွား ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးမှာ စစ်ကောင်စီတပ်ရဲ့ ကားတွေကို မိုင်းခွဲတိုက်ခိုက်တာ Mytel တာဝါတိုင်တွေ မိုင်းခွဲဖျက်ဆီးတာနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ပစ်သတ်ခံရတာတွေ မကြာခဏ ရှိနေပါတယ်။