ဒီပဲယင်းမြို့နယ်တွင် စစ်တပ်က ဝင်ရောက်စီးနင်းစဉ်အတွင်း ပြည်သူအချို့ ပျောက်ဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်က စစ်တပ်နဲ့ PDF တို့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း  ဒေသခံပြည်သူအချို့ ပျောက်ဆုံးနေတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျေးရွာတချို့က ပြည်သူတချို့ ပျောက်ဆုံးတဲ့သတင်းပို့ပေးကြတယ်။သူတို့က သာမန် အရပ်သားတွေ တချို့လည်း သွားရင်းလာရင်း၊ ပြေးရင်းလွှားရင်း ပျောက်သွားကြတာ။ အလောင်းလည်းမတွေ့ အဆက်အသွယ်လည်း မရဖြစ်နေတာ”လို့ PDFအဖွဲ့ဝင်တစ်ဦးက ပြောပါ တယ်။

စက်တင်ဘာ ၄ ရက် မနက်ပိုင်းက ဘောကုန်းကျေးရွာသားတွေဖြစ်တဲ့ ကိုအောင်ထိုက် ( ၃၂ ) နှစ်နဲ့ ကိုအောင်ဖြိုးဝေ ( ၁၄ ) နှစ်တို့ နှစ်ဦးဟာ ရွာနီးချင်း သရက်ကျင်းရွာကို ကြက်သားသွား ဝယ်ပြီးပြန်အလာ လမ်းမှာတင်ပျောက်ဆုံးခဲ့တာဖြစ်ပြီး တနယ်ကျေးရွာက CDM ကျောင်းဆရာ တယောက်လည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

(ဓာတ်ပုံ- ပျောက်ဆုံးနေသည့် မောင်အောင်ဖြိုးဝေ နှင့် ကိုအောင်ထိုက် )

ဒါ့အပြင် မူးအုံးကျေးရွာက ကိုစိုးနိုင်ဆိုတဲ့ လူငယ်တစ်ဦးဟာလည်း ပျောက်ဆုံးပြီး အဆက်သွယ်မရ တာ ၆ လခန့်ရှိပြီဖြစ်သလို စိုင်ပြင်သုဿန်မှာလည်း အမည်မသိအလောင်း တစ်လောင်းတွေ့ရတယ်လို့  သိရပါတယ်။

ဒီပဲယင်းမြို့နယ် ကျေးရွာ ၃၀ လောက်မှာ  အကြမ်းဖက်စစ်တပ်က စီးနင်းတာတွေကြောင့် ဒေသခံတွေဟာ နေအိမ်ကနေ လနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အခုအခါ ကိုယ့်ရပ်ကိုယ့်ရွာပြန်ရောက်နေကြသလို အရပ်သားပြည်သူတချို့ပျောက်ဆုံးနေတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up