Home
မြန်မာသတင်း
ဂျာမနီအစိုးရက မြန်မာကို ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း Mask ၁ သန်းကျော်လှူဒါန်း
DVB
·
September 17, 2021
242089858_4430209313760341_8765413704959814977_n

ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ဂျာမနီနိုင်ငံအစိုးရက မြန်မာနိုင်ငံကို ခွဲစိတ် ခန်းသုံးနှာခေါင်းစည်း Mask ၁ ဒသမ ၄ သန်း လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ဂျာမနီသံရုံးဒုတိယအကြီးအကဲ Dr. Markus Lubawinski နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မြန်မာနိုင်ငံ ဒုတိယတာဝန်ခံ Dr. Fabio Caldas de Mesquita တို့ဟာ အခုလဆန်းပိုင်းက တွေ့ဆုံခဲ့ကြပြီး ခွဲစိတ်ခန်းသုံးမျက်နှာဖုံးတွေရောက်ရှိရေးနဲ့ ဖြန့်ဝေရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သံရုံးက ထုတ်ပြန်ထားပါတယ်။

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ခံမြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ရောဂါ ကူးစက်ခံရသူပေါင်း ၄၄၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၇,၀၀၀ နီးပါး ရှိလာခဲ့ပြီလို့ အကြမ်း ဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၆ ရက်ညပိုင်းမှာ ထုတ်ပြန် ထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၇ လခွဲကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက် တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု လုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024