
မြန်မာ-အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ လုံလဲရ်ရွာအခြေစိုက် စစ်ကောင်စီအခြေစိုက် တပ်စခန်းကို CNA/CDF - Thantland အဖွဲ့က စက်တင်ဘာလ ၁၁ ရက် မနေ့ ည ၇ နာရီ ၄၅ မိနစ်မှာ အင်အား ၄၀၀ ဝန်းကျင်နဲ့ တိုက်ခိုက်ခဲ့ပြီး ည ၉ နာရီခွဲမှာ စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
သိမ်းပိုက်မှုအတွင်း စစ်ကောင်စီဘက်က စခန်းမှာရှိတဲ့ ရဲရောစစ်သားရောအကုန် သေဆုံးသွားခဲ့တယ်လို့ CDF ပြောရေးဆိုခွင့်ရှိသူ ဘိုးရိစ် (Boris) က ဒီဗွီဘီသတင်းဌာနကို အတည်ပြု ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်စခန်းဟာ ချင်းပြည်နယ်မှာ အခိုင်မာဆုံးတပ်စခန်းတွေထဲက တစ်ခုဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း စက်တင်ဘာ ၁၂ ရက်နေ့အထိ လေယာဉ်နဲ့လာရောက် ထောက်လှမ်းခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း CNA/CDF - Thantland အဖွဲ့ဘက်က ကျဆုံးခဲ့တဲ့သူမရှိဘဲ ၈ ယောက် ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့ကာ စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အဲဒီအဖွဲ့က စက်တင်ဘာလ ၁၂ ရက်နေ့ ညနေမှာ သတင်းထုတ်ပြန်ပါတယ်။
လုံလဲရ်ရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို စက်တင်ဘာလ ၁၀ ရက်နေ့က အင်အား ၂၀၀ ကျော်နဲ့ စတင်တိုက်ခိုက်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီဘက်က တိုက်လေယာဉ်အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာပေးခဲ့တယ်လို့ CNA/CDF - Thantland အဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။
တိုက်ပွဲအတွင်း ထိခိုက် သေဆုံးမှုအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။