မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ကျေးရွာတချို့မှာ စက်တင်ဘာ ၇ ရက် မနေ့ညက ပေါက်ကွဲတာတွေဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေဟာ ဒေသခံအိမ်တလုံးကို ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။
ဘိုကုန်း၊ သပြေလှရွာ၊ ရွာသာယာရွာ၊ လက်ပံကြီးနဲ့ ရှမ်းရွာ စတဲ့ ရွာတွေမှာ ည ၇ နာရီခွဲလောက်ကနေ ၉ နာရီကျော်အထိ ရွာတချို့မှာ ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ဘိုကုန်းရွာက ဦးခင်မောင်မြင့် အိမ်ရှေ့မှာ စပြီးပေါက်တယ်။ တချိန်တည်းလိုလိုပဲ သပြေလှရွာ၊ ရွာသာယာရွာ၊ လက်ပံကြီးနဲ့ ရှမ်းရွာတို့မှာလည်း ပေါက်တယ်။ လူထိခိုက်တာတော့ မကြားသေးဘူး။ အားလုံးဆို အကြိမ် ၂၀ ကျော် ပေါက်တာ။ ဦးခင်မောင်မြင့်က ပျူစောထီးလို့ နာမည်ထွက်နေတာပါ” လို့ ဒေသခံရွာသားက ပြောပါတယ်။
ဒါပေမဲ့ စစ်ကောင်စီတပ်သားတွေ လာရောက်စစ်ဆေးတာမျိုး လုံးဝမရှိဘူးလို့လည်း သူက ဆိုပါတယ်။ ည ၈ နာရီခွဲလောက်မှာတော့ စစ်ကောင်စီ လှည့်ကင်းတဖွဲ့ ဘိုကုန်းရွာကို ရောက်လာပြီး ဒေသခံအိမ်တလုံးကို ဝင်ရောက်ရှာဖွေဖျက်ဆီးသွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ဘိုကုန်းရွာက ဒလန် နှစ်ယောက်က ဖုန်းဆက်ခေါ်တာ။ ဗုံးပေါက်တဲ့အိမ်ကို သွားတာတော့ မဟုတ်ဘူး။ သပိတ်အမာခံမိသားစုအိမ်ကို ဝင်မွှေတာ။ အိမ်မှာ ဘယ်သူမှမရှိတော့ ဖျက်သွားတယ်။ အဲဒီအိမ်က ရဲသွင်ထွန်း ဆိုတဲ့ လူငယ်က ၈ လပိုင်း ၂၈ ရက်နေ့က ဖမ်းခံထားရတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒီမနက်အထိတော့ မတ္တရာမြို့နယ် တောင်ဘက်ခြမ်း ကျောက်တံတား၊ ဘိုကုန်း စတဲ့ရွာတွေမှာ စစ်ကောင်စီတပ်သားတွေရဲ့ လှုပ်ရှားမှု မရှိသေးဘူးလို့ သိရပါတယ်။