မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သဖန်းကိုင်းရွာက စစ်တပ်သတင်းပေးလို့ နာမည်ထွက်နေတဲ့ အမျိုးသား တစ်ယောက်နဲ့ သူ့ရဲ့ သမက်တို့ ဓားဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး စစ်တပ်က အလောင်းကို လာယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သဖန်းကိုင်းရွာနေ ဒေသခံတစ်ဦးက “တင်ငွေနဲ့ သူ့သမက်တို့ မတ္တရာအရှေ့ပိုင်းက ဒလန်လို့ နာမည်ကြီးတဲ့ ဒေါ်ယဉ် တို့ပိုင်တဲ့ စိုက်ခင်းက အပြန် တောလမ်းမှာ ဓားဒဏ်ရာတွေနဲ့ သေနေတာကို မနေ့ မွန်းတည့်ပိုင်းက တွေ့ရတယ်။ သူတို့က စစ်တပ်နဲ့ ရဲတွေကို လမ်းပြလုပ်ပေးဖူးတယ်၊ နောက်ပိုင်းလည်း ဒလန်လုပ်နေတာလို့ နာမည်ကြီးတယ်” လို့ ပြောပါတယ်။
သေသေချာချာ သွားမကြည့်ကြတာကြောင့် ဒဏ်ရာတွေရဲ့ အခြေအနေကိုတော့ မသိရဘူးလို့ သူက ဆိုပါတယ်။ ညပိုင်းမှာတော့ ရဲနဲ့ စစ်သားတွေ ရောက်လာကြပြီးစစ်ဆေးနေပါတယ်။
“ည ၉ နာရီလောက်မှာမှ ကားတစီးနဲ့ ဆိုင်ကယ်တစီး ရောက်လာတယ်။ ရဲနဲ့ စစ်သား အယောက် ၂၀ လောက် ပါတယ်။ သူတို့က တင်ငွေရဲ့ အလောင်းကိုပဲ ယူသွားတယ်။ ပြီးတော့ ချက်ချင်းပြန်သွားကြတာ။ သူ့သမက်အလောင်းက ခုထိ နေပူထဲမှာ ရှိနေတုန်းပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။
အခုလို သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ ရွာမှာ စုံစမ်းစစ်ဆေးတာတွေလည်း မလုပ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။