အာဏာသိမ်းပြီးနောက် ကယားပြည်နယ်တွင် နိုင်ငံရေးနှင့်ဆက်စပ်ဖမ်းဆီးခံရသူ ၉၄ ဦးရှိ

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်မှာ လူပေါင်း ၉၄ ဦး ဖမ်းဆီးခံထားရတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ဩဂုတ်လ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ထုတ်ပြန်လိုက်တဲ့ စာရင်းအရ ပုဒ်မ ၅၀၅(က) နဲ့ ၇၉ ဦး၊ ပုဒ်မ ၃၀၂ နဲ့ ၇ ဦး၊ ပုဒ်မ ၁၇/၁ နဲ့ ၄ ဦးနဲ့ ပုဒ်မ ၁၉/စ နဲ့ ၄ ဦးပါဝင်တယ်လို့ သိရပါတယ်။

ဖမ်းဆီးတရားစွဲခံရသူတွေထဲမှာ စစ်သင်တန်းကျောင်းမှ ပြန်လာတယ်ဆိုပြီး ဖမ်းဆီးခံရသူ ၆၈  ဦးရှိကာ သူတို့ကို ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားပါတယ်။

ပုဒ်မ ၃၀၂ နဲ့ ဖမ်းဆီးခံရသူ ၇ ဦးကတော့ စစ်သား ၄ ဦးနဲ့ ဒလန်ဆိုသူ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဆက်စပ်ဖမ်းဆီးခံရသူတွေဖြစ်ပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်ပစ္စည်း ကားဂိတ်မှာ သွားရောက်ထုတ်ယူခဲ့သူ  ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုသက်မှူးအောင်နဲ့ ကိုကလဲမင်းမင်းဦးတို့ကို ပုဒ်မ ၅၀၅ (က)၊ စစ်ဘေးရှောင်အတွက် ပစ္စည်းသွားပို့ရင်း ဖမ်းဆီးခံရတဲ့ ဘောလခဲမြို့နယ် အန်အယ်လ်ဒီကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကိုစိုင်းလင်းလင်းဦးအပါအဝင် လူငယ်အမျိုးသမီး ၂ ဦးတို့ကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁  နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အလားတူ ဖမ်ဆီးခံရသူတွေထဲမှာ  စစ်အာဏရှင်အလိုမရှိကြောင်း ဆန္ဒပြသပိတ်မှာ ပါဝင်တဲ့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ မစန္ဒာဝင်းကို ပုဒ်မ ၅၀၅ (က)နဲ့ စွဲဆိုထားပြီး  အကြောင်းအရင်းမသိဘဲ ဖမ်းဆီးခံရသူ ၄ ဦးရှိနေတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင်  နိုင်ငံရေးနဲ့ ဆက်စပ်ဖမ်းဆီးခံရမှုမှာ အခုထုတ်ပြန်ထားတဲ့ စာရင်းထက် များပြားနိုင်ပြီး သူတို့တွေရဲ့ ဖမ်းဆီးခံရမှု အချက်အလက်ရရှိဖို့ ကြိုးစားနေကြောင်း PKPF က ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up