မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ သြဂုတ် ၂၂ ရက် ညနေ ၃ နာရီလောက်က မင်းတံတားရပ်ကွက် အောင်မြေကျောင်းနားမှာ ပေါက်ကွဲမှုဖြစ်ပြီး ရပ်ထားတဲ့ ရဲကားတစ်စီး ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ပေါက်ကွဲသံအကျယ်ကြီး ကြားတယ်၊ ပေါက်ကွဲတဲ့နားက အိမ်က ပြတင်းပေါက်တွေလည်း ကွဲတယ်။ ရဲကားတစီးတော့ တော်တော်ပျက်စီးသွားတယ်။ ကားက အစတွေ အိမ်ကိုတောင် လာစင်တာ။ ပေါက်ကွဲတဲ့နောက် အပိုင်းအစတွေလွင့်တဲ့အသံကိုက အကျယ်ကြီးပဲ၊ လူအထိအခိုက် မရှိဘူး။ လူနာတင်ကားအသံလည်း မကြားဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲတဲ့နေရာက အောင်မြေကျောင်းမှာ အကြမ်းဖက်စစ်အုပ်စုက သြဂုတ် ၂၁ ရက် ညနေ ကနေ တပ်စွဲထားတာဖြစ်ပြီး ရဲကားကို ကျောင်းရှေ့က မြေကွက်လပ်ဝင်း တစ်ခုမှ ရပ်ထားရာမှ ပေါက်ကွဲတာဖြစ်တယ်လို့ သိရပါတယ်။
ရပ်ထားတဲ့ ရဲကားပေါက်ကွဲတာကြောင့် လူအထိအခိုက်မရှိဘူးလို့ သိရပြီး အကြမ်းဖက်စစ်အုပ်စုက သြဂုတ် ၂၂ ရက်မနက်မှာ အရပ်ဝတ်နဲ့ လက်နက်သယ်ဆောင်ပြီး သွားလာ နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။