စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှာ ဩဂုတ် ၂၁ ရက် ညဦးပိုင်းက စစ်ကောင်စီတပ်လှည့်ကင်းက အကြောင်းမဲ့ပစ်ခတ်လို့ လင်မယား နှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူတွေဟာ ကံသစ်ရွာက အသက် ၃၅ နှစ်အရွယ် ဦးမောင်အေးနဲ့ ဒေါ်နွဲ့နွဲ့လို့ သိရပြီး ဗအိုးရွာကို စိုက်ပျိုးရေး ဆေးရောင်းပြီး ဆိုင်ကယ်စီးပြန်လာစဉ် ခင်ဦးမြို့နဲ့ကန်သာယာရွာကြားမှာ စစ်ကောင်စီတပ်က လှည့်ကင်းကားပေါ်ကနေ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် နှစ်ယောက်လုံး အခင်းဖြစ်နေရမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတစ်ဦးက “သူတို့လင်မယားက ဗအိုးရွာက စိုက်ပျိုးရေးဆေးရောင်းပြီးအပြန် စစ်တပ်က ခင်ဦးက ထွက်အလာ လမ်းမှာဆုံတယ်။ ခပ်မှောင်မှောင်လည်းဖြစ်၊ စစ်တပ်ကလည်း အရပ်သားကားနဲ့ လှည့်နေကြတာဆိုတော့ စစ်ကားမှန်းမသိကြဘူး၊ ကားပေါ်ကနေရပ်ရပ်လို့ အော်တာကို သူတို့လင်မယားက ဆိုင်ကယ်သံနဲ့ မကြားတော့ ဆက်စီးသွားကြတာ၊ နောက်ကနေ ပစ်လိုက်တာ နှစ်ယောက်လုံး ဦးခေါင်းပွင့်ပြီး သေဆုံးသွားကြတယ်။ ဒီနေ့မနက် သူတို့ဆွေမျိုးတွေက အလောင်းတွေ လာသယ်သွားကြပြီ" လို့ ပြောပါတယ်။
သူတို့နှစ်ဦးရဲ့ အလောင်းတွေကို ညကတည်းက စစ်ကောင်စီတပ်က ခင်ဦးဆေးရုံကို သယ်ယူသွားကြတာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာတော့ သက်ဆိုင်သူမိသားစု လာသယ်ခိုင်းထား တယ်လို့ သိရပါတယ်။
သေဆုံးသူလင်းမယားမှာ ၃ နှစ်အရွယ် သမီးလေးတစ်ဦး ကျန်ရစ်ခဲ့တယ်လို့ ကံသစ်ရွာသားတွေဆီက သိရပါတယ်။
ခင်ဦးမြို့မှာ မေ ၂၅ ရက်ကလည်း ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို စစ်တပ်က ပစ်ခတ်ခဲ့လို့ ၂ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး မြို့မရဲစခန်းအတွင်း စစ်တပ်က တပ်စွဲထားတာလည်း ဖြစ်ပါတယ်။