တနင်္သာရီတိုင်း ထားဝယ်မြို့အထွက် ပေါက်တိုင်းတံတားဂိတ်မှာ ဒေသခံ PDF တွေနဲ့ စစ်ကောင်စီတပ်တွေအကြား သြဂုတ် ၂၀ ရက် ည ၈ နာရီခွဲအချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၁၅ မိနစ်ခန့်ကြာတယ်လို့ သိရပါတယ်။
ထိတွေ့မှုကတော့ ဒေသခံ PDF တွေက ဂိတ်က တာဝန်ကျတဲ့ စစ်ကောင်စီတပ်သားတွေကို အရင်လာရောက်တိုက်ခိုက်တာဖြစ်ပြီး သေနတ်သံ အချက် ၂၀ ကျော် ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်တာဖြစ်ပြီး တိုက်ပွဲပြီးတာနဲ့ ဆုတ်တဲ့အချိန် စစ်ကောင်စီက လိုက်ပစ်ခဲ့ပေမယ့် ဒေသခံ PDF တွေဘက်က ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
လက်ရှိ အချိန်အထိ သတင်းရသလောက် စစ်ကောင်စီဘက်က အနည်းဆုံး ၂ ယောက် ကျဆုံးထားတယ်လို့ ကြားရပါတယ်။
ထားဝယ်မှာ ဒေသခံ PDF နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်တာ ၅ ကြိမ်ခန့်ရှိနေပြီဖြစ်ပြီး စစ်ကောင်စီဘက်က ကျဆုံး ခန့်မှန်းချေ ၁၅ ယောက်အထိ ရှိသွားပြီလို့ ဒေသခံ PDF ဘက်က သိရပါတယ်။
တိုက်ပွဲတိုင်းလိုလို PDF ဘက်က အကျအဆုံးမရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ ကာလက ဖြစ်ပွားခဲ့တဲ့ ရောင်းမော်တိုက်ပွဲမှာတော့ PDF တပ်သား ၂ ယောက်ကျဆုံးခဲ့တာ ဖြစ်ပါတယ်။
ဧပြီလကစပြီး စစ်ကောင်စီက မြို့အထွက်မှာ ရှိနေတဲ့ အဆိုပါပေါက်တိုင်းတံတားဂိတ်မှာ နေ့တိုင်း မှတ်ပုံတင်စစ်တာကြောင့် ဂိတ်ကိုဖြတ်တဲ့ လူငယ်တော်တော်များများ အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။
ထားဝယ်ကျောင်းသားလူငယ်တစ်ဦးက “ထားဝယ်မှာ တိုက်ပွဲဖြစ်နေတာ မိုးမဝင်ခင်က ခဏခဏဖြစ်တယ်။ တပတ်တစ်ခါလောက်က အသာလေးဖြစ်တယ်။ ဒီဘက်က သွားရလာရလည်း ခက်ခဲတယ်ဗျ။ မြို့ဝင်ပေါက်တွေကို အဲ့ကောင်တွေက အပိုင်သိမ်းပြီးစစ်တော့ တော်ရုံနဲ့သွားလို့မလွယ်ဘူးဗျ၊ ပြီးတော့တခါတလေ နယ်ဘက်တွေတောင် ဝင်ဝင်မွှေတာတွေ ရုတ်တရက် ထစစ်တာတွေ အမြဲလုပ်တော့ လူငယ်တွေအနေနဲ့ လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းသွားတက်ဖို့ တော်ရုံနဲ့သွားမယ်ဆို မလွယ်ဘူးဗျ” လို့ ပြောပါတယ်။