
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကမ်းဒေါင့်ရွာအနီး၊ နဂါးမတောင်အတက်မှာ ဩဂုတ် ၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ နဂါးမတောင်ရွာအတွင်း ကျရောက်ခဲ့လို့ ကျွဲ၊ နွားနဲ့ အိမ်မွေး တိရစ္ဆာန်တွေ သေကျေ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိပါတယ်။
ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက မနေ့က ထိုးစစ်ဆင်တိုက်ခိုက်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ ပုလဲ PDF ၊ မြိုင် PDF တို့ ပူးပေါင်းပြီး ပြန်လည်တိုက်ခိုက်ရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲနဲ့ ပတ်သက်ပြီး ဒေသခံရွာသားတစ်ဦးက “နှစ်ဖက်ပစ်ခတ်ကြတာ ညအချိန်ဆိုတော့ဗျာ ဘယ်တိရိစ္ဆာန်မှ အမှတ်မရတော့ဘူးလေ။ ကိုယ်တောင် အသက်လု ထွက်ပြေးရတာ။ ကျည်ဆန်တွေကလည်း မိုးရွာသလိုပဲ။ မသေလို့ ကံကောင်းဗျ။ ရွာသားတွေကတော့ထွက်ပြေးလို့ ထိခိုက်မှုတော့မရှိဘူးလို့ကြားတာပဲ။ အခုထိရွာထဲ ပြန်မလာတဲ့သူတွေလည်း ရှိသေးတယ်။ သေတာကတော့ ဝက်တွေ၊ နွားတွေနဲ့ ကြက်တွေ ပေါ့ဗျာ။ အခုလည်း မပေါက်ကွဲသေးတဲ့ ကျည်ဆန်တွေကရှိသေးတော့ ကျနော်တို့ ရွာသားတွေအတွက် အတော်လေးအန္တရာယ်များတယ်” လို့ ပြောပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကျည်ထိမှန်ပြီး PDF ၃ယောက် မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပုလဲမြို့နယ်အတွင်းမှာ အခုရက်ပိုင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အလုံးအရင်းနဲ့ နုတ်ထွက်နေကြတာတွေလည်း ရှိနေပါတယ်။