စစ်ကောင်စီက အသက် ၆၅ နှစ်နဲ့ အထက်လူကြီးတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ ဖိတ်ခေါ်နေပေမယ့် အယုံအကြည်မရှိလို့ လတ်တလောမှာ မထိုးတဲ့သူများတယ်လို့ ရန်ကုန်မြို့ခံ ပရဟိတသမားတွေက ပြောပါတယ်။
စစ်ကောင်စီက အသက် ၆၅ နှစ်နဲ့အထက်လူကြီးတွေကို ကိုဗစ်ကာကွယ်ဆေးလာရောက်ထိုးကြဖို့ ဩဂုတ် ၂ ရက်နေ့က ရန်ကုန်မြို့ရပ်ကွက်တွေမှာ လိုက်လံဆော်ဩခဲ့ပြီး ဇူလိုင် ၃ ရက်နေ့မှာ ဆေးထိုးလုပ်ငန်းတွေ ဆောင်ရွက်နေတာပါ။
အသက် ၆၅ နှစ်နဲ့အထက် လူကြီးတွေသာမက ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတသမားတွေကို ဦးစားပေးထိုးပေးမယ်ဆိုပြီး ဖိတ်ခေါ်ခဲ့ပေမယ့် စစ်ကောင်စီနဲ့ တရုတ်ကာကွယ်ဆေးကို အယုံအကြည်မရှိတဲ့အတွက် သွားမထိုးဘူးလို့ ရွှေပြည်သာမြို့နယ်နေ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ဇန်နဝါရီလကနေ ဇူလိုင်လ ၂၁ ရက်နေ့အထိ တိုင်းနဲ့ပြည်နယ်အားလုံးမှာ လူဦးရေ ၁ သန်း ၈ သိန်းကျော်ကို ကိုဗစ်ကာကွယ် ဆေးထိုးနှံပေးပြီးဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဩဂုတ် ၁ ရက်နေ့ အာဏာသိမ်း ၆ လပြည့်မိန့်ခွန်းမှာ ထည့် သွင်းပြောဆိုခဲ့ပါတယ်။
တရုတ်ပြည်ကမှာယူထားတဲ့ ကာကွယ်ဆေး ၄ သန်းထဲက ၃ သန်း မြန်မာပြည်ကိုရောက်ရှိနေပြီး ဆေးထိုးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ ရုရှားနိုင်ငံဆီကလည်း ကာကွယ်ဆေး ၂ သန်းမှာယူထားပြီး အိန္ဒိယနိုင်ငံဆီက ရဖို့ကျန်နေသေးတဲ့ ကာကွယ်ဆေးတွေလည်း ရှိသေးတယ်လို့ စစ်ခေါင်းဆောင်က ဆိုထားပါတယ်။
လတ်တလောမှာတော့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနက ဒေသန္တရ ကျန်းမာရေးဌာနတွေနဲ့ အခြေခံပညာကျောင်းတွေမှာ ကာကွယ်ဆေးလိုက်ထိုးပေးနေပေမယ့် လာရောက်ထိုးနှံသူနည်းပါးတယ်လို့ သာကေတမြို့နယ်မှာ နေထိုင်သူတစ်ယောက်က ပြောပါတယ်။
ကိုဗစ်တတိယလှိုင်း သေဆုံးမှု အတွေ့အကြုံတွေအရ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသားလူတွေလည်း သေဆုံးတာမျိုးတွေ့ခဲ့ရတဲ့အတွက် ကာကွယ်ဆေးတွေကို အပြည့်အဝယုံကြည်ကြောင်းနဲ့ ကိုဗစ်စည်းကမ်းတွေနဲ့အညီ စနစ်တကျနေထိုင်ဖို့က ပိုပြီးအရေးကြီးတယ်လို့ ပရဟိတသမားတစ်ယောက်ကပြောပါတယ်။
စစ်ကောင်စီဘက်က မြို့နယ်အလိုက် ခွဲတမ်းတွေနဲ့ ကာကွယ်ဆေးထိုးပေးနေတာဖြစ်ပြီး လူဦးရေသိန်းချီရှိတဲ့ မြို့နယ်တွေမှာ ရာဂဏန်းလောက်ပဲရှိတဲ့ ခွဲတမ်းတွေ ချပေးနေတာဖြစ်တဲ့အတွက် အကျိုးသိပ်မထူးနိုင်ဘူးလို့ ပြည်သူတချို့က ပြောပါတယ်။
စစ်ကောင်စီက ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းတွေစတင်လာတယ်ဆိုပေမယ့် အာဏာသိမ်းတာကို မကျေနပ်တဲ့ပြည်သူတစ်ချို့ကတော့ စစ်ကောင်စီထိုးပေးတဲ့ ကာကွယ်ဆေးကို မထိုးဘူးလို့ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ NUG က ပြည်သူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ့်အစီအစဉ်ရှိနေပေမယ့် ဆေးထိုးပေးဖို့ အခြေအနေမပေးတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဆာဆာကပြောဆိုထားပါတယ်။
NUG က နိုင်ငံတကာက ကိုဗစ်ကာကွယ်ဆေး ၆သန်း အကူအညီရဖို့ရှိနေတယ်လို့ ဆိုပါတယ်။ တိုင်းရင်းသားဒေသတွေမှာတော့ ဒေသခံလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့တွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ ကာကွယ်ဆေးထိုးနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။