Home
မြန်မာသတင်း
စစ်ကောင်စီခန့် ပုလဲမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နုတ်ထွက်
DVB
·
August 3, 2021

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကျေးရွာတွေက စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ  ဩဂုတ် ၂ ရက်နေ့က နုတ်ထွက်စာတင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဩဂုတ် ၂ ရက်နေ့ကစပြီး နုတ်ထွက်စာတင်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၆ ယောက်ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူတဦးက ပြောပါတယ်။

ဒီဗွီဘီက ရရှိထားတဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဆီ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ တင်ထားတဲ့ နုတ်ထွက်စာ ၃ ခုထဲမှာတော့ ကျန်းမာရေး မကောင်းလို့ နုတ်ထွက်တာ၊ အုပ်ချုပ်ရေးမှူးတာဝန်ကို ဆက်လက်ထမ်းဆောင်လိုခြင်း မရှိတော့ကြောင့် နုတ်ထွက်တာ စသဖြင့် ရေးသားထားကြပါတယ်။

အခုလို ပုလဲမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အစုလိုက်အပြုံလိုက် ထွက်နေတဲ့အပေါ် နုတ်ထွက်စာတင်ထားသူတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ လုံခြုံရေးအခြေအနေအရ ပြန်လည်ဖြေကြားတာ မလုပ်ချင်ဘူးလို့ ပြောပါတယ်။

ပုလဲမြို့နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ဇူလိုင် ၂၉ ကနေ သြဂုတ် ၁ ရက်နေ့ နောက်ဆုံးထား နုတ်ထွက်ကြဖို့ ပုလဲ PDF အဖွဲ့ကလည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။ 

မလိုက်နာတဲ့ အုပ်ချုပ်ရေးမှူးတွေကို သက်ညှာမှာမဟုတ်ဘဲ ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကာ တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ပြီး မိသားစုဝင်တွေကိုတော့ တိုက်ခိုက်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားတာပါ။

ပုလဲ PDF အဖွဲ့ဝင်တစ်ဦးက “ကျနော်တို့ ပုလဲမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး အတော်များများကတော့ ထွက်စာတွေတင်နေကြတယ်။ ဘာကြောင်ထွက်ကြတာလဲလို့ ကျနော်တို့ ပုလဲ PDF ကလည်း ဇူလိုင် ၂၉ ရက်နေ့ကစပြီး သြဂုတ် ၁ ရက်နေ့ ‌နောက်ဆုံးထား နုတ်ထွက်ပေးကြပါ၊ တကယ်လို့မထွက်ခဲ့တဲ့လူဆိုရင်တော့ ကျနော်တို့ အဖွဲ့တွေကတော့ ပြောတဲ့အတိုင်း လုပ်ဆောင်သွားမယ်” လို့ ပြောပါတယ်။

ပုလဲမြို့နယ်ဟာ ယင်းမာပင်ခရိုင်အတွင်းမှာ ပါဝင်တဲ့ မြို့တစ်မြို့ဖြစ်ပြီး အုပ်စု ၆၁ အုပ်စုနဲ့ ကျေးရွာရပ်ကွက်ပေါင်း ၁၉၀ နီးပါးရှိတဲ့ မြို့လည်းဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာလည်း သြဂုတ် ၁ ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူး ၅ ဦး နုတ်ထွက်စာတင်ခဲ့ကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘုတလင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက အုပ်ချုပ်ရေးမှူးတွေကို ရွာသားတွေရဲ့ သပိတ်စစ်ကြောင်းတွေအကြောင်း၊ လက်နက်ကိုင်အခြေအနေတွေအကြောင်း အစီရင်ခံစာ တင်ခိုင်းတာကြောင့်နဲ့ အုပ်ချုပ်ရေးမှူးတွေ အသတ်ခံနေရတာကြောင့် အခုလို နုတ်ထွက်ကြတာလို့  ဆိုပါတယ်။

နိုင်ငံတဝန်းမှာလည်း မြို့နယ်နဲ့ ကျေးရွာအုပ်ချုပ်ရေးရုံးတွေ ဗုံးဖောက်ခွဲခံရတာ၊ အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတာတွေ နေ့စဉ်လိုလို ဖြစ်ပေါ်နေပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024