နေပြည်တော် သီးသန့်တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ရဲ့ ရုံးချိန်းတွေကို စစ်ကောင်စီက ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၃ ဦးလုံးရဲ့ ရုံးချိန်းတွေကို ပုံမှန် တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ ပြုလုပ်ဖို့အတွက် သီးသန့်တရားရုံးက ဆုံးဖြတ်ထားပေမယ့် လတ်တလော ရုံးပိတ် ရက်ရှည် တွေကြောင့် ထပ်မံရွှေ့ဆိုင်းဖို့ ဖြစ်လာတာပါ။
စစ်ကောင်စီဥက္ကဋ္ဌ အာဏာသိမ်းမှု ၆ လပြည့် မိန့်ခွန်းအတွင်းမှာ ရုံးပိတ်ရက်ရှည်တွေကို တစ်ပတ်ထပ်မံတိုးမြှင့်မယ်လို့ ပြောကြားခဲ့သလို ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ရုံးချိန်းကိုလည်း တစ်ပတ်ထပ်မံရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။
"ခါတိုင်းတနင်္လာနေ့အမှု ၄ မှုကို ၉ ရက်နေ့၊ အင်္ဂါနေ့အမှု ၂ မှုကို ၁၀ ရက်နေ့ ချိန်းလိုက်တယ်။ အမေအပါအဝင် ၃ ဦးလုံးနဲ့ conferencing နဲ့ချိတ်ဆက်ပြီး ရုံးချိန်းပေးပြီးမှ ကျမဆီကို အကြောင်းကြားတာရှင့်" လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သုံးဦးကို ဒီနေ့ နေပြည်တော်ကောင်စီဝင်းအတွင်းရှိ အဆောက်အအုံတစ်ခုမှာ Video Conferencing နဲ့ ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို တရားရုံးကို မေးမြန်းကြည့်ရမှာ တော့ ကျန်းမာရေးကောင်းမယ်လို့ ထင်ရပေမယ့် တရားရုံးဘက်က သေချာပြောပြချင်တဲ့ပုံစံမရှိဘူးလို့ သိရပါတယ်။
“ အမေရဲ့ ကျန်းမာရေးကတော့ ကျမတို့က မတွေ့ရဘူးပေါ့နော်။ ကျမက တရားရုံးကိုမေးလိုက်တော့ သူတို့ ကတော့ Video Conferencing နဲ့ဆိုတော့ သေချာလည်းမမေးလိုက်ရဘူး။ ဘာဖြစ်လို့လည်းဆို သူတို့ကတော့ သိပ်သတင်းထုတ်ပြန်ချင်ပုံမရဘူး။ ကျန်းမာရေးအခြေနေကတော့ Video Conferencing နဲ့တွေ့ရတာဆိုတော့ ကျန်းမာတယ်လို့ထင်ရမှာပေါ့ ” လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
ဒါအပြင် နိုင်ငံ့ခေါင်းဆောင်တွေကို အင်းစိန်ထောင်ကို ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်တဲ့အပေါ် အမှုတွေ က နေပြည်တော်မှာရှိတဲ့အတွက် မဖြစ်နိုင်ဘူးလို့လည်း ရှေ့နေက ဆိုပါတယ်။
ဒါ့အပြင် မန္တလေးတိုင်းတရားရုံးမှာ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေရဲ့ ရုံးချိန်းတွေကိုတော့ တစုံတရာ သိရှိရခြင်းမရှိသေးဘူးလို့လည်း ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ကိုဗစ်-၁၉ ရောဂါပိုးကို ထိန်းချုပ်ဖို့အတွက် အကြောင်းပြပြီး ပြီးခဲ့တဲ့ ဇူလိုင်လလယ်လောက်က စတင်ကာ ရုံးပိတ်ရက်ရှည်ပြုလုပ်ပြီး မြို့နယ်တွေမှာလည်း အသွားအလာပိတ်ပင်ထားပါတယ်။