ကိုဗစ်-၁၉ ကာကွယ်ကုသရေးကို ထိရောက်အောင် မလုပ်ဆောင်နိုင်ဘဲ ရန်ကုန်သုသာန်တွေမှာ မီးသင်္ဂြိုဟ်ဖို့ မီးဖိုအသစ်တွေ တည်ဆောက်နေတာဟာ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကို ပြသနေတာလို့ CDM ဆေးရုံအုပ်ကြီးတစ်ယောက်က ဝေဖန်လိုက်ပါတယ်။
စစ်ကောင်စီက ရန်ကုန်သုသာန်တွေမှာ တရက်ကို ရုပ်အလောင်း ၃၀၀၀ ကျော်အထိ မီးသင်္ဂြိုဟ်နိုင်မယ့် မီးဖို ၁၀ လုံးကို တပြိုင်တည်း တည်ဆောက်နေတယ်လို့ ဇူလိုင် ၂၇ ရက်နေ့ MRTV သတင်းမှာ ကြေညာခဲ့ပါတယ်။
ရေဝေးသုသာန်တခုတည်းမှာ ၅ ပေါက်တွဲ ၂ တွဲပါဝင်တဲ့ မီးဖို ၅ လုံး အသစ်တည်ဆောက်နေပြီး လူ ၅၀ ကို ၁ နာရီအတွင်း မီးသင်္ဂြိုဟ်နိုင်မှာဖြစ်လို့ တရက်ကို ရုပ်အလောင်း ၁၀၀၀ ကျော်အထိ မီးသင်္ဂြိုဟ်နိုင်မယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ပြည်သူတွေအတွက် ကာကွယ်ကုသရေးမဆောင်ရွက်ဘဲ အခုလို စီစဉ်တာကို ကြားသိရတဲ့အတွက် အံ့ဩစိတ်ပျက်မိတယ်လို့ CDM ဆေးရုံအုပ်ကြီးတစ်ယောက်က ဝေဖန်လိုက်ပါတယ်။
စစ်ကောင်စီက ကိုဗစ်တတိယလှိုင်းအတွက် ဘတ်ဂျက်မသုံးတာ၊ ကာကွယ်ကုသရေး မလုပ်ဘဲ စီမံခန့်ခွဲမှုညံ့ဖျင်းတာတွေကြောင့် ပြည်သူတွေဟာ မသေသင့်ဘဲသေဆုံးနေရတယ်လို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ဝေဖန်ပါတယ်။
အခုအချိန်အထိ ကာကွယ်ကုသရေးအတွက် မစဉ်းစားဘဲ မီးသင်္ဂြိုဟ်ဖို့ မီးဖိုပိုဆောက်တာဟာ ပြည်သူကိုစေတနာမရှိတာ ပေါ်လွင်နေတယ်လို့ ဆိုပါတယ်။
မြေပြင်မှာ ရုပ်အလောင်းတွေ မီးသင်္ဂြိုဟ်ဖို့ အကူအညီပေးနေတဲ့ ပရဟိတသမားတယောက်ကတော့ ပြည်သူတွေ လိုအပ်နေတဲ့ ကာကွယ်ရေး၊ ကုသရေး၊ အောက်ဆီဂျင် စတာတွေကို မထောက်ပံ့ဘဲ သုသာန်မှာ မီးဖိုးတိုးဆောက်တာဟာ ပြည်သူအားလုံးကို စစ်ကောင်စီက သေစေချင်နေတာလားလို့ မေးခွန်းထုတ်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ MRTV ကတော့ သုသာန်တွေမှာ မီးဖိုတည်ဆောက်နေတဲ့ အခြေအနေတွေကို ရန်ကုန်တိုင်းစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် မြို့တော်ဝန်တို့က ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရန်ကုန်မြို့မှာ ဇူလိုင် ၁၀ ရက်နေ့ကစပြီး ကိုဗစ်သံသယလူနာတွေ အောက်ဆီဂျင် အလုံအလောက်မရတဲ့အတွက် သေဆုံးနှုန်းမြင့်တက်ခဲ့ပါတယ်။
ဇူလိုင် ၂၀ ရက်နေ့က ရန်ကုန် သုသာန်လေးခုမှာ တရက်တည်း မီးသင်္ဂြိုဟ်ရတဲ့ ရုပ်အလောင်း ၁၂၀၀ ကျော် ၁၃၀၀ နီးပါးအထိ မြင့်တက်ခဲ့ပါတယ်။