ရခိုင်ပြည်နယ်တွင် ရေကြီးမှုပိုမိုဆိုးရွားလာပြီး လူနေအိမ်များရေနစ်မြုပ်နေ

ရခိုင်ပြည်နယ်၊ မောင်တော၊ သံတွဲနဲ့ တောင်ကုတ်စတဲ့မြို့နယ်တွေမှာ ရေကြီးနေတဲ့ အခြေအနေဟာ ဇူလိုင် ၂၇ ရက် ညနေပိုင်းမှာ ပိုမိုဆိုးရွားလာပြီး လူနေအိမ်တွေရေနစ်မြုပ်ကာ ဒေသခံတွေ ရေဘေးဒုက္ခ ကြုံနေရပါတယ်။

မနေ့ညကစတင်ပြီး မိုးအဆက်မပြတ် မိုးရွာသွန်းမှုတွေကြောင့် မောင်တောမြို့နယ် မြောက်ပိုင်းရှိ တမန်းသား၊ သက်ကိုင်ညာစတဲ့ ရွာတွေမှာ ရေကြီးရေလျှံကာ နေအိမ်တချို့ ရေနစ်မြုပ်နေတယ်လို့ တမန်းသား ဘုန်းကြီးကျောင်းက အရှင်စန္ဒေဘာသက မိန့်ပါတယ်။

“အိမ်ထောင်စု ၄၀ လောက်။ ခေါင်မိုးထိတော့ မဟုတ်ဘူး။ မိုးစွန့်ထိတယ်။ အိမ်ခင်းခြေပါ မြုပ်တာ။ ထမင်းဟင်းချက်စားလို့မရအောင်။”။ 

ရေကြီးရေလျှံနေတာကြောင့် လူတွေသေဆုံးသူ မရှိပေမဲ့ အိမ်မွေးတိရစ္ဆာန်၊ စားနပ်ရိက္ခာတွေ ဆုံးရှုံးပျက်စီးခဲ့တယ်လို့လည်း အရှင်စန္ဒေဘာသက မိန့်ပါတယ်။

ရေဘေးဒုက္ခသည် လူဦးရေ ၂၀၀ ကျော်လောက် နေအိမ်စွန့်ခွာကာ ကုန်းမြင့်ပိုင်းမှာ ရှိနေတဲ့ နီးစပ်ရာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရပြီး ရွာမှာရှိတဲ့ အိမ်ခြေတွေ အကုန်လုံးနီးပါးရေဝင်နေသလို ဆန်တွေ ထင်းတွေ ရေစိုကုန်တာတွေကြောင့် ချက်စားဖို့ ခက်ခဲနေတယ်လို့ ရှင်းပြပါတယ်။

ရေဘေးဒုက္ခရောက်နေသူတွေကို ကိုယ့်ရွာသားအချင်းချင်းသာ ကူညီပေးနေကြတာဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဘယ်အဖွဲ့တွေကမှ ကူညီတာမရှိသေးဘူးလို့ ဒေသခံက ပြောပါတယ်။

သံတွဲမြို့မှာလည်း  ဇူလိုင် ၂၅ ရက်ကစပြီး မိုးသည်းထန်စွာရွာသွန်းလို့ ရေကြီးမှုတွေကြောင့် ဒီနေ့မှာတော့  သံတွဲမြို့ရဲ့ သုံးပုံနှစ်ပုံလောက်  ရေကြီးကာ နေအိမ်တွေ ရေနစ်မြုပ်ကုန်လို့  ရေဘေးသင့်ပြည်သူတွေကို ဘေးလွတ်ရာသို့ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်ပေးနေတဲ့ သိမ်ကုန်းကျောင်းဆရာတော် ဦးတေဇိန္ဒက “သံတွဲရေကြီးမှုအခြေအနေက သုံးချိုးနှစ်ချိုးလောက် မြင့်သွားပြီ၊ တစ်မြို့လုံးနီးပါးကို ရေလွှမ်းမိုးသွားတယ်လို့တောင် ပြောလို့ရတယ်၊ အိမ်ခြေကတော့ အခုဘုန်းကြီးသွားနေတဲ့ ရပ်ကွက်တွေမှာဆိုရင် ၃၀၀/ ၄၀၀ လောက်မြုပ်မှာပေါ့၊ မြို့ရဲ့နေရာစုံတော်တော်များများကို ရေဝင်နေပြီ”လို့မိန့်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်တုန်းက သံတွဲမှာရေကြီးစဉ်က အိမ်တွေပြိုတဲ့အထိဖြစ်ခဲ့ဖူးပြီး အခုတကြိမ်က ပိုဆိုးတာကြောင့် စိုးရိမ်နေကြတာလို့ ဆရာတော်က မိန့်ပါတယ်။

ရေဘေးဒုက္ခသည်တွေကို ရွှေဆံတော်တောင်ခြေ ဓမ္မာရုံထဲမှာပဲ ထားရှိကာ အလှူရှင်မိသားစု တစ်စုကလည်း ဒီနေ့တစ်ရက်စာ လှူထားပြီး နောက်ထပ်ရေတက်လာပါက ပျက်စီးဆုံးရှုံးမှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

သံတွဲမြို့က ရေနစ်မြုပ်နေတဲ့နေရာတွေမှာရှိတဲ့ နေအိမ်တွေကို လျှပ်စစ်မီး ဖြတ်တောက်ထားပြီး အရေးကြီးတဲ့နေရာတွေကိုတော့ မဖြစ်မနေပေးထားပါတယ်။

သံတွဲဆေးရုံဝင်းအတွင်း  မြေနိမ့်ပိုင်းရှိအဆောင်တွေမှာ ရေဝင်လာတဲ့အတွက် လူနာတွေနဲ့ အောက်ဆီဂျင်အိုးတွေကို အဆောင်သစ်တွေဆီကို ပြောင်းရွှေ့ထားရပါတယ်။

တောင်ကုတ်မြို့မှာလည်း မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် ရေကြီးရေလျှံကာ မြို့ပေါ်ရှိ ရပ်ကွက်တချို့မှာ နေအိမ်အောက်ထပ်တွေကို ရေဝင်ရောက်တာတွေနဲ့ လမ်းတွေကို ရေကျော်တာတွေရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up