ကိုယ့်မိသားစုဝင် တစ်ဦးကိုမှ အပဲ့မခံနိုင်တဲ့ အိမ်ရှင်မတွေ

ဖျားနာပြီး ချွဲကျပ်နေတဲ့ အစ်မဖြစ်သူ ဝေဒနာသက်သာအောင် အွန်လိုင်းပေါ်မှာတွေ့တဲ့ နည်းလမ်းအတိုင်း ဂွေးတောက်ရွက် နဲ့ ပင်စိမ်းရွက်ကို ရေနွေးပူပူထဲထည့်ပြီး အငွေ့ရှုခိုင်းဖို့ ပြင်ဆင်နေချိန်မှာပဲ ဖုန်းသံမြည်လာတာကြောင့် မယမင်း ကမန်းက တန်း ကိုင်လိုက်တယ်။

ဖုန်းထဲမှာ “နင့်ဦးလေး အောက်ဆီဂျင်ကျနေတယ် ဘယ်လိုလုပ်ရမလဲ” ဆိုတဲ့ အဒေါ်ဖြစ်သူရဲ့ စိုးရိမ်တဲ့ အသံကို ကြားရ တယ်။

အဒေါ်ဖြစ်သူကို စိတ်အေးအေးထားခိုင်းပြီး အောက်ဆီဂျင် ကျနေတဲ့ဦးလေး သက်သာစေဖို့ ဘယ်လိုလုပ်လို့ရတယ်ဆိုတဲ့ နည်းလမ်းတွေပြောပြီး အစ်မဖြစ်သူ ရေနွေးငွေရှုဖို့ အမြန်ပြင်ဆင်ပေးခဲ့တယ်။ ပြီးတာနဲ့ မယမင်းတစ်ယောက် လိုင်းပေါ်မှာ တင်ထားတဲ့ အောက်ဆီဂျင် ရတယ်ဆိုတဲ့ နေရာတွေဆီတစ်ခုပြီးတစ်ခု ဖုန်းဆက်ရတော့တယ်။

အောက်ဆီဂျင်ရနိုင်မယ့် နေရာတွေဆီ ဖုန်းဆက်သလို မိတ်ဆွေတွေဆီကိုလည်း အကူအညီတောင်းရင်း အသိတစ်ယောက်က သူ့ဆီမှာ အိုးလွတ်ရှိတယ်လာယူပါဆိုတာနဲ့ အိမ်က မောင်ဖြစ်သူနဲ့အတူ အနီးနားက တက္ကစီတစ်စီး ခေါ် မိတ်ဆွေ အိမ်မှာအိုးလွတ်သွားယူပြီး အောက်ဆီဂျင် ဖြည့်ပေးတဲ့ နေရာတွေကို ထပ်ပြီး ရှာပုံတော်ဖွင့်ရတယ်။

အောက်ဆီဂျင်ရဖို့ မောင်နှစ်မနှစ်ယောက် ဟိုနေရာဒီနေရာသွားပေမယ့် မရတာကများတယ်။ နောက်ဆုံးတော့ Item bar ကနေ အိုးတစ်ဝက်လောက်ဖြည့်ရတာနဲ့ ရသလောက်ပဲ ယူဆောင်ပြီး ဦးလေးအိမ်ကို ပို့ပေးခဲ့ရတယ်။

“အဲဒီရက်တွေတုန်းက တအားဒုက္ခရောက်တာ ကိုယ့်အိမ်ကလူတွေကို ပြုစုရင်းနဲ့ အောက်ဆီဂျင်ရဖို့ လည်းပြေးလွှားရတာ ကားခတွေလည်းကုန်၊ သောကတွေလည်း ရောက်ရတယ်”လို့ မယမင်းက ပြောပါတယ်။

မယမင်းလိုပဲ မြန်မာနိုင်ငံက ပြည်သူတွေဟာ ကိုဗစ်တတိယလှိုင်းရိုက်ခတ်မှုကြောင့် သောကပင်လယ်ဝေနေရသလို အချို့ မိသားစုတွေဆိုရင် ကိုယ့်မိသားစုဝင်တစ်ချို့ကို လက်လွှတ်ဆုံးရူံးနေရပါပြီ။ စစ်ကောင်စီအာဏာသိမ်းမှုကြား ကိုဗစ်တတိယလှိုင်းကိုပါ ထပ်ဆင့်ရင်ဆိုင်နေရတာပါ။

ဒီလိုအချိန်မှာ အိမ်ရှင်မတွေဟာ အိမ်သားတွေကို ပြုစုရင်း ကိုယ်တိုင်ကူးစက်နေပေမဲ့ အိမ်ရာပေါ်မလဲမချင်း မိသားစုတွေရဲ့ ဝေယျာဝစ္စ လုပ်ကိုင်ပြီး ကိုယ့်မိသားစုတွေ ပဲ့ပါမသွားဖို့အရေး မားမားမတ်မတ်နဲ့ တစ်အိမ်သားလုံးကို တာဝန်ယူ စောင့်ရှောက်ရတော့တယ်။

ဒီကြားထဲ မိသားစုဝင်တစ်ယောက်ယောက် ဆုံးပါးသွားတဲ့အခါမှာလည်း အလောင်းမြေကျတဲ့အထိ အားတင်း လုပ် ဆောင်ရပြန်ပါတယ်။

မယမင်းဆိုရင် ကိုဗစ်တတိယလှိုင်းမှာ မိခင်၊အမနဲ့မောင်ဖြစ်သူတို့က ကိုဗစ်လက္ခဏာတွေဖြစ်လို့ ပြုစုစောင့်ရှောက်ရချိန် တဖက်မှာလည်း ကိုဗစ်ရောဂါ ခံစားနေရတဲ့ ဦးလေးနဲ့အဒေါ်ဖြစ်သူတို့ကို အနီးကပ်မပြုစုရပေမဲ့ ဖုန်းဆက်၊ဗီဒီယို ကောလ် ခေါ်ပြီး လိုအပ်တာတွေ လုပ်ပေး အားပေးစကားတွေပြောနဲ့ မနားရပါဘူး။

ဇူလိုင် ပထမပတ်ကျော်ကျော်ကတည်းက သူမနဲ့ ငါးနှစ်အရွယ်သမီးငယ်ကလွဲပြီး အိမ်ကသူတွေမှာ ဖျားတာ၊ နှာစေး ချောင်းဆိုးတာ၊ ခေါင်းကိုက်နဲ့ ချွဲကြပ်တာ စတဲ့ ကိုဗစ်လက္ခဏာတွေပြနေတာပါ။ အိမ်မှာ မဖျားနာတဲ့သူက သူပဲ ရှိတဲ့အတွက် အိမ်ကလူတွေအတွက် လိုအပ်တာတွေ ဝယ်ယူတာ၊ ပြုစုတာ၊ကလေးကို ပြုစုရတာတွေကို မယမင်းပဲ လုပ်ပေးရတယ်။

အိမ်မှာ ကိုဗစ်လူနာတွေရှိတော့ သူတို့ကို အပြင်မထွက်စေဘဲ မနက်ဆို ကလေးနဲ့ အိမ်ကလူတွေ စားဖို့သောက်ဖို့ စီစဉ် ပေးရတယ်၊ ပြီးရင် Mask တပ် face shield တပ်ပြီး ဈေးသွား၊ ပြန်လာရင် ချက်ပြုတ်ရတယ်။ အားလုံးပြီးစီးရင်တော့ ခံတွင်းပျက်နေတဲ့ လူမမာတွေကို အစာဝင်အောင် ချော့တလှည့် ခြောက်တခါ ကျွေးမွေးရပြန်တယ်။

အိမ်ကလူတွေက အောက်ဆီဂျင်ကျတဲ့အထိ ရောဂါလက္ခဏာ မပြင်းထန်ပေမယ့် ချွဲကြပ်တာတွေဖြစ်တော့ အွန်လိုင်းပေါ် မှာ တွေ့တဲ့ ဟိုအရွက်ရှူ ဒီအရွက်စား ဆေးမြီးတိုတွေကိုလည်း လုပ်ပေးရပြန်ရော။

မယမင်းက ကိုဗစ်ဒုတိယလှိုင်းမှာ ကိုဗစ်ဖြစ်ခဲ့ပြီး ယခုတတိယလှိုင်းမှာ တစ်အိမ်လုံးကူးစက်ပေမယ့် သူကတော့ ကူးစက်ခံရတာ မရှိသေးပါဘူး။ ဒါပေမဲ့ သမီးငယ်ဖြစ်မှာကိုတော့ စိတ်ပူပန်နေရသေးတယ်လို့ ပြောပါတယ်။

သမီးငယ်က အရင်ကတည်းက ရင်ကြပ်တာဖြစ်လေ့ရှိတဲ့အပြင် အစားရွေးတော့ အိမ်မှာအတူနေတဲ့ လူတွေဆီက ထပ်မကူးစက်အောင် ကျွေးမွေးရ ပြင်ဆင်ရနဲ့ စိတ်အပင်ပန်းဆုံးပဲလို့ မယမင်းက ပြောတယ်။

“အဲ့ချိန်ကဆို ကိုယ်တိုင်က စိတ်ဓာတ်ကျချင်လာတယ်၊ ကလေးကရင်ကြပ်ပန်းနာရှိပြီး အမေကလည်း အဆုတ်မကောင်း တော့ အမေနဲ့ကလေးကိုစိတ်ပူတယ်။ကိုယ်က စိတ်ဓာတ်ကျပြီး မစားမသောက်ချင်ရင်တောင် ကိုယ်လဲရင်ပိုဆိုးမယ်ဆိုပြီး အားတင်းပြီးစားသောက် ဆေးတွေလည်း ကြိုသောက်ရတယ်” လို့ မယမင်းကပြောတယ်။

မယမင်းတို့ ဦးလေးမိသားစုမှာလည်း အသက် ၂၀ အရွယ်သားငယ်နဲ့ မိသားစုသုံးယောက် နေထိုင်ပြီး သားငယ်ဖြစ်သူ ကလည်း သိပ်မလုပ်တတ်မကိုင်တတ်တော့ ယမင်းတို့ မိသားစုကိုပဲ ဖုန်းဆက်လှမ်းပြော ပြီး ဖုန်းထဲကနေပဲ လိုအပ်တာ တွေ အကြံဉာဏ်ပေးရတာပေါ့။

ဒီလို ဖုန်းဆက် ဗီဒီယိုကောလ် ခေါ်ပြီးလိုအပ်တာတွေပြောပြီးကူညီနေရင်း ဦးလေးဖြစ်သူ အောက်ဆီဂျင်လိုတယ်ဆိုတော့ မယမင်းနဲ့ မောင်ဖြစ်သူကပဲ ကားတစ်စီးနဲ့ လှည့်ပတ်ရှာရတယ်။

“ကိုယ်တစ်ယောက်တည်းကျတော့ အိုးတွေလည်းမသယ်နိုင်ဘူးလေ၊ အိမ်က မောင်ကလည်း ဖျားနေပေမယ့် ဆေးသောက်ပြီး လိုက်ရတယ်။ ဟိုကလည်း ဒါမှမရှူရရင် သေတော့မှာ။ ဘယ်လိုလုပ်မလဲ ၊မောင်နှစ်မ နှစ်ယောက်တည်းပတ် ပြေးနေရတာ။ ကိုယ်က အခုထိဘာမှမဖြစ်တာ တော်တော်ကံကောင်းတယ်” လို့ မယမင်းကပြောတယ်။

မယမင်းတို့နှစ်ယောက် ရှာလာတဲ့အောက်ဆီဂျင်ရှုပြီး ဦးလေးက အောက်ဆီဂျင်ပြန်တက်လာပေမဲ့ မိနစ်အနည်းငယ်အကြာမှာ ဆုံးပါးခဲ့ရပါတယ်။ ဆုံးပါးသွားတဲ့ ဦးလေးအတွက် နာရေးကိစ္စကိုလိုက်ပါ လုပ်ဆောင်ပေးရင်း တစ်ပတ်အကြာမှာ အဒေါ်ဖြစ်သူပါထပ်မံ ဆုံးပါး သွားတော့လည်း မြေကျတဲ့ကိစ္စတွေအသုဘကိစ္စတွေကိုပါ မယမင်းလုပ်ကိုင်ပေးရပြန်ရော။

“ပြီးတဲ့ရက်က အဒေါ့်နာရေးလုပ်ပေးပြီး ပြန်လာတော့ ကိုယ်လည်း ခေါင်းကိုက်ချင်သလိုဖြစ်တာ စိတ်ကိုဖယ်ပြီး အလုပ်တွေလုပ် ခွေလိုက်ရင် ကိုယ်ပါလဲမှာစိုးလို့ တင်းပြီးလုပ်ရတယ်လို့” မယမင်းက ပြောပါတယ်။

COVID-19 ကပ်ရောဂါကို ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ ပြည်သူတွေ သက်သက်သာသာ ကျော်ဖြတ်နိုင်ခဲ့ပေမယ့် တတိယ လှိုင်းမှာတော့ ပြည်သူအများအပြား ထိုးနှက်ခံခဲ့ရတယ်။

ယခင်အကြိမ်တုန်းက မိသားစုထဲမှာ ကိုဗစ်ရောဂါ တစ်ယောက်ဖြစ်ပွားရင် အစိုးရက ဆေးရုံတွေမှာ တက်ရောက် ကုသ စေသလို ထိတွေ့ဆက်စပ်သူမိသားစုဝင်တွေကိုပါ ကွာရန်တင်းဝင်ဖို့ ခေါ်ဆောင်သွားတဲ့အတွက် မိသားစုတွေအားလုံး စိတ်ချလက်ချနဲ့ကုသမှုခံရလို့ ရခဲ့ပါတယ်။

ဒီတကြိမ်မှာတော့ ကောင်းမွန်တဲ့ ကုသစောင့်ရှောက်မှုစနစ်မရှိတော့တဲ့အတွက် နေအိမ်မှာပဲ အဆင်ပြေသလို နေထိုင်ရင်း နာမကျန်းတဲ့ မိသားစုတွေအချင်းချင်း ဖေးမပြုစုစောင့်ရှောက်ရ တော့တယ်။

“အိမ်မှာ တစ်ယောက်တစ်လှည့်စီနဲ့ လူကုန်ဖြစ်တာ အိမ်ကအမေ(ယောက္ခမ)ကပဲ ဒိုင်ခံပြုစုရတယ်” လို့ တာမွေမြို့နယ်မှာ နေထိုင်တဲ့ မပီတိကပြောတယ်။

အရင်ကိုဗစ်လှိုင်းတွေကို သူတို့ မိသားစုတွေ ကျော်လွှားနိုင်ပေမဲ့ ဒီတစ်ကြိမ်မှာတော့ ရောဂါပိုးက မိသားစုတွေဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်။

မပီတိတို့ မိသားစုမှာ အမျိုးသားရဲ့ ညီမအငယ်ဆုံး ကိုဗစ်စဖြစ်တာကနေ အိမ်သားတွေဆီကိုပါ ကူးစက်လာခဲ့တယ်။ ဒီတော့ ယောက္ခမဖြစ်သူကပဲ ဈေးသွား၊ချက်ပြုတ်၊လူမမာတွေကို ဆေးတိုက် ရေပတ်တိုက် ပြုလုပ်ပေးရတယ်လို့ ဆိုတယ်။

“တစ်ခုကောင်းသွားတာက အိမ်မှာဖြစ်တော့ အကုန်လုံး ဗုံးဗုံးလဲတာမဟုတ်ဘူး။ ဖျားတာ အနံ့ပျောက်တာနဲ့ ပြီးသွားတာ၊ ဒါတောင်အမေ(ယောက္ခမ)ပဲ အကုန်လုပ်ပေးတာ။”လို့ မပီတိက ပြောတယ်။

အိမ်သားတွေ ဖျားနာတော့ ယောက္ခမက အားတင်းပြီးလုပ်ကိုင်ပေးရတာကနေ နောက်ဆုံးသူပါ ကူးစက်ပြီးလဲတော့ ကျန်သူတွေက ပြန်ပြုစုရတာပေါ့လို့ ၎င်းကပြောပါတယ်။

“အိမ်မှာဆို သားသမီးတွေပြုစုတာလည်း သူပဲ(ယောက္ခမ)၊ ဈေးဝယ်တော့လည်းသူပဲ၊ ကိုယ်က ကလေးနဲ့ဆိုတော့ သိပ်မလုပ်ပေးရဘူး။ ကိုယ့်ကလေးအတွက်ပဲ ပူပန်ရတာ အကုန် သူပဲ (ယောက္ခမ) လုပ်ပေးရတယ်”လို့ ပြောတယ်။

ယောက္ခမဖြစ်သူဖျားနာတော့ လူကြီးဖြစ်တဲ့အတွက် တစ်ခုခုဖြစ်မှာ စိုးရိမ်ပူပန်ရပေမဲ့ ပုံမှန်ဖြတ်သန်းနိုင်ခဲ့တဲ့အတွက် စိတ် အေးရပါတယ်။ ဒါပေမဲ့ မိတ်ဆွေမိသားစုတွေမှာ တစ်မိသားစု လုံးကူးစက်ပြီး ပြုစုစောင့်ရှောက်ပေးရတဲ့ မိခင်ဖခင်တွေပါ သေဆုံးရတာတွေကြားရတာတော့ ဝမ်းနည်းမိတယ်လို့ မပီတိကပြောပါတယ်။

မိသားစုတွေမှာ တစ်စုံတစ်ယောက်နာမကျန်းဖြစ်ရင် ပင်ပန်းရတာ အိမ်ရှင်မ တာဝန်ယူထားတဲ့ မိခင်တွေ၊ ဇနီးတွေ၊ သမီးတွေပါ။ ဖျားနာနေတဲ့ အိမ်သားကို ပြုစုစောင့်ရှောက်ရတာ၊ အာဟာရပြည့်ဝပြီး ခံတွင်းတွေ့စေမဲ့ အစားစာတွေ ချက်ပြုတ် ကျွေးမွေးရတာ၊ လျှော်ဖွပ်သန့်ရှင်းရတာတွေကလည်း အိမ်ရှင်မတွေပါပဲ။ တချို့အိမ်ရှင်မတွေဆို အိမ်အတွက် ဝင်ငွေ ရှာဖွေတာလည်းမပြတ်စေဘဲ တဖက်က အိမ်သားတွေကို ပြုစုရတာတွေလည်း ရှိပါတယ်။

ကိုဗစ်ဖြစ်ပွားတဲ့အခါမှာလည်း အိမ်မှာတစ်ယောက်ဖြစ်ရင် တစ်မိသားစုလုံး ကူးစက်နိုင်တယ်ဆိုတာသိပေမဲ့ နာမကျန်းတဲ့ အိမ်သားကို မျက်နှာမလွှဲဘဲ ပြုစုစောင့်ရှောက်ပေး၊ချက်ပြုတ်ကျွေးမွေး၊ လိုအပ်တာ တကိုယ်တည်းထွက်ဝယ်ရပြီး အိမ်မှာ အောက်ဆီဂျင်လိုတယ်ဆို ညအချိန်မတော် နေရာပေါင်းစုံသွား အောက်ဆီဂျင်အရှာထွက်ရတဲ့ ရဲရင့်တဲ့ အမျိုးသမီးတွေလည်း အများအပြားပါ။

“အိမ်မှာကိုဗစ်ဖြစ်တဲ့အချိန် အမေလည်း တအိမ်လုံးကို ပြုစုခဲ့ရတာ၊ ဒီကာလမှာ မိခင်တွေ အိမ်ရှင်မတွေရဲ့ မိသားစုအပေါ် ရဲဝင့်စွာစောင့်ရှောက်မှုကို ပိုပြီး အလေးထားမြင်မိတယ်" လို့ မြောက်ဥက္ကလာမြို့နယ်က ကိုဟိန်းကပြောတယ်။

ကိုဟိန်းတို့အိမ်မှာ ဖခင်ဖြစ်သူ ကိုဗစ်စဖြစ်တာကနေအိမ်မှာရှိတဲ့ မိသားစုဝင် ငါးဦးလုံးကူးစက်ပြီး အနံ့ပျောက်တာ ဖျားနာတာတွေ ဖြစ်လာပါတယ်။

အိမ်မှာရှိတဲ့ မိသားစုတွေ ကိုဗစ်ကူးစက်ခံရတော့ အိမ်သားတွေရဲ့ ဝေယျာဝစ္စတွေကို မိခင်ဖြစ်သူကပဲ ပြုလုပ်ပေးရတော့ တယ် ။ မိသားစုဝင်တွေ စားတာ သောက်တာ၊ အသုံးပြုပြုသား mask တွေလျှော်ဖွတ်ရတာ၊ အိမ်သာ၊အခန်း သန့်ရှင်းရေးအပြင် လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုတွေကို အမေကပဲလုပ်ရတယ်လို့ဆိုတယ်။

“အမေက ကျန်းမာရေးအခံ ဆိုးဆိုးဝါးဝါးမရှိလို့ အခုထိတော့ မဆိုးသေးဘူး။ တကယ်လို့ ပြုစုနေတဲ့ အိမ်ထောင်ရှင်မတွေ အရင်လဲသွားရင် မိသားစုမှာတော်တော်လေး အားနည်းသွားနိုင်ဝာာကို တွေးမိပြီးပူပန်တယ်”လို့ ကိုဟိန်းကပြောပါတယ်။

ကိုဟိန်းအပါအဝင်သူ့မိခင်နဲ့ ကျန်မိသားစုဝင်တွေက ကိုဗစ်ရောဂါဆိုးဆိုးရွားရွားမခံစားလိုက်ရပေမဲ့ အဖေဖြစ်သူက အောက်ဆီဂျင် တစ်ခါကျသွားတဲ့အတွက် မိခင်ဖြစ်သူကပဲ ဆွေမျိုးတွေ အိမ်နီးချင်းတွေနဲ့ မိတ်ဆွေတွေဆီ အကူအညီ တောင်းရပါတယ်။

“အဖေက အောက်စီဂျင် တစ်ခါရှူပြီးသက်သာနေပေမယ့် အိုးနဲ့ အမြဲဖြည့်တင်းထားဖို့ လုပ်ရတယ်။ အခုချိန်ထိတော့ အမေက သူ့အမျိုးတွေဆီက အောက်ဆီဂျင်ရအောင် အလျင်မီတောင်းပေးနေတာ ပိုလျှံနေတာကိုလည်း အိမ်နီးချင်းတွေကို မျှဝေပေးနေတယ်။”လို့ ကိုဟိန်းက ပြောပါတယ်။

ကိုဟိန်းတို့ အိမ်အနီးဝန်းကျင်မှာလည်း ကိုဗစ်ကူးစက်ခံနေရသူတွေ အများအပြားရှိနေပြီး၊ နာမကျန်းသူတွေကို ပြုစု စောင့်ရှောက်တာ၊ အန္တရာယ်တွေမမှုဘဲအောက်ဆီဂျင်ရှာဖို့ လုံးပန်းရတာ မိခင်တွေ၊ ဇနီးတွေဖြစ်တဲ့ အမျိုးသမီးတွေပဲလို့ ဆက်ပြောပါတယ်။

အရင်အကြိမ်တုန်းကကိုဗစ်လူနာတွေကို အစိုးရက တာဝန်ယူ ကုသပေးတုန်းက ဆေးရုံတွေမှာ ဆရာဝန်တွေ သူနာပြု တွေနဲ့ဲ ဆေးဝါးအပြည့်အစုံရှိတော့ မိသားစုတွေက စိတ်ပူပန်စရာမလိုသလို၊ အသေအပျောက်လည်းနည်းခဲ့တယ်။

ဒီအချိန်မှာတော့ သွားရောက်ကုသစရာ ဆေးရုံဆေးခန်းမရှိဘဲ အိမ်မှာပဲ ထားရတဲ့အခါ စနစ်ကျတဲ့ လမ်းညွှန်ကုသမှုမရှိ ၊ စနစ်ကျတဲ့ စောင့်ရှောက်မှု နည်းလမ်းမှန်တွေ မရှိတဲ့အခါ လူနာရော ပြုစု စောင့်ရှောက်သူတွေ ပါပိုပင်ပန်းပြီး ဒုက္ခများစေတာလို့ လူနာတွေကိုပြုစုနေသူတွေက ပြောတယ်။

လူနာတွေကို တတ်ကျွမ်းသူတွေနဲ့စနစ်တကျပြုစု စောင့်ရှောက်သင့်ပေမယ့် မိသားစုတွေ တိုင်းက ငွေရေးကြေးရေးကျပ်တည်းနေတော့လူငှားရမ်း ပြုစုလုပ်ကိုင်ပေးဖို့လည်း မလွယ်ပါဘူး။

ကိုဗစ်ကူးစက်ခံရတဲ့လူနာတွေကို တာဝန်ယူကုသပေးနိုင်မှုမရှိတဲ့ အခြေအနေမှာ လူနာတွေအတွက် အခြေခံ ကျန်းမာရေး ပြုစုမှုတွေ၊ အိမ်တွင်းစောင့်ရှောက်မှု နည်းလမ်းမှန်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက လူတိုင်းသိရှိအောင် သင်ကြားပေးတာ မျှဝေပေးတာတွေ ပြုလုပ်ပေးစေချင်ပြီး ဒီလိုမှသာ ပြုစုနေတဲ့ အိမ်ရှင်မတွေသက်သာမယ်လို့ ကိုဟိန်းက ပြောတယ်။

“တကယ်အရေးကြုံတော့ အမျိုးသမီးတွေကပဲ ရှေ့ကလုပ်သွားကြတာ မိသားစုထဲက ဘာကိုမှဖဲ့မပေးချင်တဲ့စိတ်နဲ့ အပြင်းအထန်ကြိုးစားခုခံနေကြတဲ့ အမျိုးသမီးတွေ တကယ်လေးစားဖို့ကောင်းတယ်”လို့ ကိုဟိန်းကပြောပါတယ်။

ဒေဝီ

ဤဆောင်းပါးကို hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up