ကနီနှင့် ယင်းမာပင်ဒေသတွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး ပြည်သူထောင်ချီ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ကနီမြိုနယ်နဲ့ ယင်းမာပင်မြို့နယ်တွေမှာ  စစ်ကောင်စီတပ်တွေက ဇူလိုင် ၂၅ ရက်နေ့ကတည်းက စတင်ကာ PDF တပ်ဖွဲ့တွေကို အပြင်းအထန် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူ ထောင်ချီ နေရပ် စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။‌

ကနီမြို့နယ်အတွင်းက ဇီးပင်တွင်းရွာ၊ အောင်မင်္ဂလာရွာ၊ ချောင်မရွာ၊ လင်ပုန်းရည်ရွာ၊ မိုးကောင်းရွာ စတဲ့ ကျေးရွာသားတွေ စစ်ဘေးရှောင်ထွက်ပြေးနေကြတာဖြစ်ပါတယ်။

လင်ပုန်းရီကျေးရွာနေ စစ်ဘေးရှောင်ပြည်သူတစ်ဦးက “တနေ့တနေ့ လက်နက်ကြီး ကျည်ဆန်တွေ၊ သေနတ်ကျည်ဆန်တွေကြား ပြေးလွှားနေရတယ်ဗျာ။ ကျနော်တို့မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါလည်း ကျေးရွာတိုင်းလိုလို တွေ့နေကြတာဆိုတော့ ဒီပုံစံအတိုင်းဆို သေနတ်မမှန်လည်း ဒီရောဂါနဲ့သေကုန်ကြတော့မယ်ဗျာ”လို့ ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ အစားအစားနဲ့  ဆေးဝါးအကူအညီ အရေးပေါ် လိုအပ်နေတယ်လို့လည်း လည်း ဒေသခံက ပြောပါတယ်။ 

“ကျနော်တို့ဒေသခံတွေအနေနဲ့ နေ့စဉ်လိုလို စစ်ရှောင်ပုန်းနေရတာမို့ ထမင်းမစားရတဲ့ရက်‌တွေလည်း ရှိနေတယ်ဗျ။ ကြာတော့ လူတွေလည်း ကျန်းမာရေးတွေ ချို့တဲ့နေကြပါပြီဗျာ။ ဆေးဝါးကလည်း လုံလုံလောက်လောက်လည်းမရှိဘူး။ နေ့တိုင်းလိုလို တောတောင်တွေထဲ ပုန်းနေရတာမို့ ခြင်၊ မှက်တွေ အကိုက်ခံရတာ ခန္ဓာကိုယ်တွေလည်း အနာတွေဖြစ်နေကြပြီ” လို့ ပြောပါတယ်။

ကနီမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၃‌ ကြောင်း နဲ့ PDF တပ်ဖွဲ့တွေကို အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် ဒေသခံတွေ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့က ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်စပ်နှစ်ခုကြား ကျေးရွာတွေအတွင်း စစ်ကောင်စီတပ်တွေက ဝင်ရောက် စီးနင်းဖျက်ဆီးပြီး ရွာသားတွေကို ဖမ်းဆီးနှိပ်စက်ခဲ့တာကြောင့် ရရာလက်နတ်ကိုင်ပြီး ပြန်လည်ခုခံတိုက်ပွဲဖြစ်ပွားခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။

ယင်းမာပင်မြို့နယ် ချောင်းဆုံရွာသားတစ်ဦးက “အဓိကကတော့ဗျာ ဒီကောင်တွေ မတရား ဥပဒေမဲ့ လုပ်နေတာဗျ။ ရွာသားတွေက သူတို့လာလို့ ကြောက်လို့ ရှောင်ကြတာ။ အဲဒါကို တောထဲပါလိုက်ရှာပြီး ဖမ်းတာ၊ ရိုက်တာတွေလုပ်တယ်။ အဲဒါတွေလုပ်လို့ ရွာသားတွေက မခံနိုင်လို့ ရရာလက်နက်နဲ့ စပြီးခုခံတယ်။ နောက်ပိုင်း ပြည်သူကာကွယ်ရေးအဖွဲ့တွေ ရောက်လာပြီး တိုက်ပွဲက ပိုပြင်းထန်လာတယ်ဗျ။  တစ်ခုပြောချင်တာက နိုင်ငံတော်ကို အုပ်ချုပ်နေတယ်ပြောတဲ့ မင်းအောင်လှိုင်က အခုလိုအပြစ်မဲ့ ပြည်သူတွေကို ဥပဒေမဲ့လုပ်နေတာ မသိလို့လား၊ ဒါမှမဟုတ်အခုလို အပြစ်မဲ့ပြည်သူကို နှိပ်စက်ဖို့အမိန့်တွေပေးနေတာလား” လို့  ပြောပါတယ်။

ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက ချောင်းဆုံကျေးရွာတောပြင်ကို အဓိကထား မွှေနှောက် ရှာဖွေစစ်ဆင်နေပြီး တိုက်ပွဲအတွင်းနှစ်ဘက် ထိခိုက်ကျဆုံးမှုကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီတပ်တွေက အခုလို ထိုးစစ်ဆင်နေတာကြောင့်  ကနီနဲ့ ယင်းမာပင်ဒေသမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်နေတဲ့ ပြည်သူတွေကို ကျန်းမာရေးဝန်ထမ်းတွေက ကုသစောင့်ရှောက်မှုပေးဖို့ အခက်အခဲကြုံနေကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up