စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်း ဇူလိုင် ၂၆ ရက်နေ့ တစ်ရက်တည်းမှာတင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ အယောက် ၂၀ စံချိန်တင်တွေ့ရှိတယ်လို့ ကနီမြို့နယ်ပြည်သူ့ဆေးရုံက ထုတ်ပြန်ပါတယ်။
ကနီမြို့ပေါ် ရပ်ကွက် (၁) က တစ်ယောက်၊ ရပ်ကွက် (၂) က ငါးယောက်၊ ရပ်ကွက် (၃)က ငါးယောက်၊ မဲဒင်ကျေးရွာက ခုနှစ်ယောက်၊ ကင်းကျေးရွာက တစ်ယောက်နဲ့ ဒဟတ္တောရွာက တစ်ယောက် စုစုပေါင်း အယောက် ၂၀ စံချိန်တင်တွေ့တာဖြစ်ပြီး ဒီရောဂါနဲ့ သေဆုံးသူ နှစ် ယောက်ရှိတယ်လို့ ဆေးရုံဝန်ထမ်းက ပြောပါတယ်။
ကနီမြို့နယ်ပြည်သူဆေးရုံမှာတော့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၈၆ ယောက်ရှိပြီး ရောဂါ သက်သာလို့ ဆေးရုံက ဆင်သွားတဲ့သူ ၃၇ ယောက်ရှိပါတယ်။
လက်ရှိ ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ ကျေးရွာတိုင်းကို ဝင်ရောက်စီးနင်းပြီး အပြစ်မဲ့ ရွာသားတွေကို ဖမ်းစီးနှိပ်စက်နေတာဖြစ်လို့ ကိုဗစ်ရောဂါ ကာကွယ် တားဆီးရေး အစီအမံတွေမလုပ်နိုင်ဘဲ ရွာသားတွေဟာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံရမှာကြောက်လို့ တောတောင်တွေထဲ ထွက်ပြေးပုန်းရှောင်နေရပါတယ်။