စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်ကြောင့် မြန်မာ့စီးပွားရေး ၁၈ ရာခိုင်နှုန်းလျော့ကျမည်

ကသောင်းကနင်းဖြစ်ပွားနေတဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်တတိယလှိုင်း ကူးစက်ပြန့်ပွားမှုကြောင့် မြန်မာနိုင်ငံရဲ့ စီးပွာရေးဟာ ၂၀၂၁ ခုနှစ်မှာ ၁၈ ရာခိုင်နှုန်း လျော့ကျမယ်လို့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာက ခန့်မှန်းထားပါတယ်။

၁၈ ရာခိုင်နှုန်းလျော့ကျမယ်လို့ ခန့်မှန်းတာဟာ အာဏာသိမ်းတာ၊ ကိုဗစ်ဖြစ်ပွားတာကြောင့် ဖြစ်ပေါ်နေတဲ့ စီးပွားရေးအခြေအနေကနေ လျော့ကျမယ့် ရာခိုင်နှုန်းဖြစ်ပြီး အကယ်၍ ဖေဖော်ဝါရီလမှာ အာဏာမသိမ်းခဲ့ရင်၊ ကိုဗစ်မဖြစ်ခဲ့ရင် ဖြစ်သင့်ရှိသင့်တဲ့ စီးပွားရေးအခြေအနေနဲ့ နှိုင်းယှဥ်ရင်တော့ ၃၀ ရာခိုင်နှုန်းလျော့သွားတဲ့ သဘောလို့  ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

ဒီလိုအခြေအနေတွေကြောင့် အလုပ်အကိုင် တစ်သန်းလောက် ဆုံးရှုံးနိုင်ပြီး အလုပ်သမားအများအပြားဟာ အလုပ်ချိန် သို့မဟုတ် လစာလျှော့ချခံရကာ ဝင်ငွေလျော့ကျမှုဖြစ်ပွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

၂၀၁၉ ခုနှစ် ဆင်းရဲမွဲတေမှု အနေအထားနဲ့ နှိုင်းယှဥ်ကြည့်လိုက်ရင် ၂၀၂၂ ခုနှစ်အစောပိုင်းမှာ ဆင်းရဲနွမ်းပါးမှု အခြေအနေကျရောက်နေတဲ့ မြန်မာ့လူဦးရေဟာ ၂၀၁၉ ခုနှစ်ကထက် နှစ်ဆ ပိုမိုများပြားနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဇန်နဝါရီနှောင်းပိုင်းက စတင်ပြီး ဇူလိုင်လလယ်အထိ အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲလှယ်နှုန်းတန်ဖိုး ၂၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး လောင်စာဆီအပါအဝင် တချို့ သွင်းကုန်တွေ ဈေးထိုးတက်ခဲ့ပါတယ်။

လယ်သမားတွေအနေနဲ့လည်း တချို့ ကောက်ပဲသီးနှံ လက်ကားဈေးထိုးကျသွားတာ၊ စိုက်ပျိုးရေးသွင်းအားစု ဈေးမြင့်တက်တာ၊ ချေးငွေရရှိဖို့ ခက်ခဲတာတွေ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

မေလနဲ့ ဇွန်လမှာ ကူးသန်းသွားလာမှု ပြန်လည်ကောင်းမွန်းလာတာ၊ ပို့ဆောင်ရေး ကန့်သတ်ချက်တွေ လျှော့ပေးတာတွေနဲ့ တည်ငြိမ်လာမယ့် ရှေ့ပြေးလက္ခဏာတွေ မြင်နေရပေမဲ့ စီးပွားရေးလုပ်ငန်း တစ်ခုလုံးအနေနဲ့ကတော့ အလွန်အမင်းအာနည်းဆဲဖြစ်ပြီး ကိုဗစ်တတိယလှိုင်းကြောင့် ဇူလိုင်လနောက်ပိုင်း စီးပွားရေး ဆက်လက်ကျဆင်းမယ့် အနေအထားရှိနေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးပညာရှင် ကင်မ်အလန် အက်ဒ်ဝပ်က ပြောပါတယ်။

Photo Credit-World Bank

More News
Up