မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ ဇူလိုင် ၂၆ ရက် ဒီနေ့ မနက်ပိုင်းကတည်းက မိုးဆက်တိုက် ရွာသွန်းနေတဲ့အတွက် ရေကြီးရေလျှံမှုတွေ စတင်ဖြစ်နေတယ်လို့ ဒေသခံတွေ ဒီဗွီဘီကို ပြောပါတယ်။
ကျိုက်မရောမြို့ပေါ်ရပ်ကွက်တချို့နဲ့ ကျေးရွာတွေ ဖြစ်တဲ့ ဦးလေး၊ ငါးဗြေမနဲ့ ကွမ်ငန်း၊ မယ်ကရိုကျေးရွာတွေ အပါအဝင် ကျေးရွာ အများစုမှာ ရေကြီးရေလျှံနေလို့ ဒေသခံတွေ ရေဘေး ဒုက္ခနဲ့ တွေ့ကြုံနေရတာပါ။
အခုအခါ ကျေးရွာတချို့မှာ ရေ ၆ ပေလောက်ထိ ဆက်တိုက်မြင့်လာပြီး၊ မြေနိမ့်ပိုင်းက နေအိမ်အချို့ နီးစပ်ရာ ဆွေမျိုးနေအိမ်တွေကို ပြောင်းရွှေ့နေထိုင်နေရပါတယ်။
ကျိုက်မရောမြို့နယ်ရဲ့ ရေကြီးမှုကို စောင့်ကြည့်ပြီး ကူညီကယ်ဆယ်တာတွေ လုပ်ဆောင်ဖို့ အသင့်ပြင်ထားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ကျိုက်မရောမြို့နယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ရေကြီးခဲ့လို့ ပြည်သူ ၃ ဦး သေဆုံးခဲ့သလို ပြည်သူ ၂၀၀၀၀ ကျော် ရေဘေးသင်ခဲ့ကြပါတယ်။