ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ အခုရက်ပိုင်းအတွင်း နေ့စဉ်ဆိုသလို စားသောက်ကုန်တွေကို ပြည်သူမှပြည်သူသို့ ပေးဝေလှူဒါန်းနေကြပါတယ်။
ဆန်၊ ဆီနဲ့ စားသောက်ကုန် ပေးဝေတာတွေရှိသလို Mask နဲ့ ဆေးဝါးတွေလှူဒါန်းတာ၊ စုရပ်တခုမှာ အသီးအနှံမျိုးစုံကိုစုပုံကာ လိုအပ်သလောက် လွတ်လပ်စွာယူဆောင်စေတဲ့ အစီအစဉ်တွေလည်း ပြုလုပ်နေကြ ပါတယ်။
အလုပ်မရှိ ဝင်ငွေမရှိတဲ့အချိန် အခုလို စားသောက်ကုန်လှူဒါန်းတဲ့ လူငယ်တွေကို ကျေးဇူးတင်ကြောင်းလည်း အသက် ၄၀ အရွယ် ဆိုက်ကားဆရာတဦးက ပြောပါတယ်။
ဒါအပြင် အစ္စလာမ်ဘာသာဝင်တွေရဲ့ ကုရ်ဗာနီအီးဒ် နေ့ကလည်း၊ လော့ဒေါင်းချထားခြင်းခံရတဲ့ ရှမ်းစုလမ်းက မိသားစုဝင်တွေကို အသားဟင်းတွေ ဝေပေခဲ့သလို ဝါဆိုလပြည့်နေ့ကလည်း ဘုရားပန်းအလှူပေးဝေတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။
“အခုလိုပြည်သူက ပြည်သူကိုမျှဝေတဲ့ အစီအစဉ်က အရမ်းကောင်းပါတယ်။ လူစုလူဝေးမဖြစ်အောင်လည်း လှူပေးဖို့လည်း အကြံပြုပါတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။
ပြည်သူမှပြည်သူသို့ ပေးဝေတဲ့အစီအစဉ်ကို တဦးချင်းအလှူရှင်တွေ ရှိသလို လူငယ်တွေစုပေါင်းကာ ဝေငှတာတွေလည်းရှိပြီး စိုက်ပျိုးရေးခြံသမားတွေကလည်း လှူဒါန်းတာတွေရှိကြောင်း သိရပါတယ်။