မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်ဖို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)က နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်နေပြီး မကြာခင်မှာ မြန်မာ နိုင်ငံကို ကိုဗစ်ကာကွယ်ဆေး ၄ သန်းရောက်လာဖို့ ရှိတယ်လို့ NUG ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဆာဆာက ပြောပါတယ်။
မြန်မာနိုင်ငံကို ရောက်လာတဲ့ကာကွယ်ဆေးတွေ ပြည်သူတွေကို ထိုးနှံပေးဖို့ ကျန်းမာရေး ဝန်ထမ်းတွေကသာ ဆောင်ရွက်နိုင်မှာဖြစ်ပြီး လက်တလောမှာ သူတို့တွေကို စစ်ကောင်စီက မတရားပုဒ်မတပ်ပြီး ဖမ်းဆီးမှုတွေရှိနေတာကြောင့် မြေပြင်အကောင်အထည်ဖော်တဲ့အခါမှာ စစ်ကောင်စီက ဖျက်ဆီးမှုတွေလုပ်ဆောင်လာမှာကိုလည်း စိုးရိမ်မိတယ်လို့လည်းဆိုပါတယ်။
လတ်တလော ကိုဗစ်ရောဂါကို ထိန်းချုပ်ကာကွယ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ ကိုဗစ်-၁၉ task force ကို ဖွဲ့စည်းထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာပြီး နေ့စဉ်သေဆုံးသူ အများအပြား ရှိနေတာကို အာဏာသိမ်းစစ်ကောင်စီက လျစ်လျူရှုပြီး အာဏာတည်မြဲနေရေးအတွက် ကိုဗစ်-၁၉ ကို လက်နက်သဖွယ်အသုံးချနေတယ်လို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။
မြန်မာနိုင်ငံသူနိုင်ငံသားတွေကို ကိုဗစ်-၁၉ ရောဂါကူးစက်မှုကနေ မကူညီနိုင်အောင် စစ်ကောင်စီက လုပ်ဆောင်နေပြီး ပြည်သူတွေ ဒုက္ခရောက်ပြီး ငတ်မွတ်ခေါင်းပါးနေတာကို အာဏာသိမ်း စစ်ခေါင်းဆောင်တွေက မြင်ချင်နေတာဖြစ်တယ်လို့လည်း ဒေါက်တာဆာဆာက ပြောဆိုပါတယ်။
တစ်ကမ္ဘာလုံးက မြန်မာပြည်သူတွေကို ကူညီဖို့အဆင်သင့်ဖြစ်နေပြီး ကူညီမှုတွေ ရောက်မလာအောင် လက်နက်အားကိုးပြီး လူထုကို အနိုင်ကျင့်နေတဲ့ စစ်ကောင်စီရှိနေတာကြောင့် ခက်ခဲနေတာလို့လည်းဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်သူ နေ့စဉ်ထောင်နဲ့ချီကူးစက်နေပြီး သေဆုံးသူ အရေအတွက်ကလည်း တစ်နေ့ကို ၁၀၀၀ နီးပါးသေဆုံးနေပါတယ်။
အခုလိုသေဆုံးမှုတွေရှိနေပေမယ့် အာဏာသိမ်းစစ်ကောင်စီကတော့ ကိုဗစ်-၁၉ကို ထိန်းချုပ်ထားနိုင်ကြောင်း ဝါဒဖြန့်မှုမျိုးစုံပြုလုပ်နေပါတယ်။
ဒါ့အပြင်တပ်ထဲမှာကူးစက်နေတဲ့အရေအတွက် များပြားလာပြီး တပ်မတော်အရာရှိ စစ်သည်တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပြည့်ပြည့်ဝဝ ပေးထားနိုင်ခြင်းမရှိဘူးလို့ စစ်တပ် အသိုင်းအဝိုင်းထံကနေ သိရပါတယ်။