မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဇူလိုင် ၂၃ ရက် ဒီနေ့ တရက်တည်း ကိုဗစ်-၁၉ ရောဂါနဲ့ ၄ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံ ပရဟိတအဖွဲ့ထံက သိရပါတယ်။
အခု သေဆုံးသူ ၄ ဦးထဲမှာ ၁ ဦးက ဆေးရုံမှာ သေဆုံးခဲ့တာဖြစ်ပြီး ကျန်တဲ့ ၃ ဦးက နေအိမ်မှာ သေဆုံးခဲ့တာပါ။
ရေးမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်တွေအပြင် နယ်ကျေးရွာတွေမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူတွေရှိနေသလို ရေးမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ အချုပ်သားတွေပါ ရောဂါ ကူးစက်ခံထားရပါတယ်။
ကိုဗစ်လူနာတွေအတွက် ဆရာဝန်တွေ မလုံလောက်သလို ဆေးရုံတွေမှာ လူနာတွေကို အပြည့်အဝ မကုသပေးနိုင်တာကြောင့် နေအိမ်တွေမှာ ကိုဗစ်လူနာတွေ သေဆုံးလာတဲ့အထိ စတင်ကြုံတွေ့လာနေရတယ်လို့ မြို့ခံပရဟိတအဖွဲ့က ပြောပါတယ်။
ကိုဗစ်ကူးစက်နှုန်းက ဆက်လက် မြင့်တက်လာခဲ့သလို သေဆုံးမှုလည်း ဆက်လက် မြင့်တက် လာခဲ့တာကြောင့် ကိုဗစ် ကုသရေးဌာနက စာသင်ကျောင်းတွေမှာ ကိုဗစ် လူနာတွေကို ထပ်မံထားရှိဖို့ စီစဉ်နေပါတယ်။
ကိုဗစ်တတိယလှိုင်းမှာ ရေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံထားရသူပေါင်း ယနေ့အထိ ၃၀၀ ကျော်ရှိနေပြီး သေဆုံးသူပေါင်း ၁၆ ဦးအထိရှိကာ အများစုက ရောဂါအခံရှိတဲ့ အသက် ၆၀ ကျော်တွေ ဖြစ်ပါတယ်။