Home
မြန်မာသတင်း
ကချင်စစ်ရှောင်စခန်းများ အသွားအလာကန့်သတ်
DVB
·
July 23, 2021

ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်တွေမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ သေဆုံးတာတွေ ရှိလာတာကြောင့် စစ်ရှောင်စခန်းတွေမှာ အဝင်အထွက်ပိတ်ပင်ထားပြီး  စခန်း ပြင်ပ သွားလာမှုကို ကန့်သတ်လိုက်ပါတယ်။

“ဇွန်လိုင် ၂၁ ရက် ကစပြီး တစ်လ လော့ဒေါင်းပုံစံ ပြုလုပ်ပြီး နေထိုင်နေကြတာ၊  ကိုဗစ်ဖြစ်တဲ့ လူနာတော့ မရှိသေးဘဲ လူငယ်တွေကိုစုပြီး ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ကော်မတီတွေဖွဲ့၊ သင်တန်းတွေပေးပြီး လုပ်နေတယ်” လို့ မိုင်းနား KBC စစ်ရှောင်စခန်းတာဝန်ခံ ဆရာဘရန်မိုင်ကပြောပါတယ်။ 

အပြင်လူတွေကို အဝင်အထွက် ခွင့်မပြုသလို စစ်ရှောင်ပြည်သူတွေကိုလည်း အသွားအလာ တစ်လတာ ကန့်သတ်ထား‌ကာ ‌အ‌ရေးကြီးကိစ္စတွေအတွက် စီမံအုပ်ချုပ်‌ရေးကော်မတီတွေနဲ့ ညှိနှိုင်းတိုင်းပင်ပြီး သွာလာခွင့်ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။  

မြစ်ကြီးနားမြို့မှာရှိတဲ့ စီတာပူ ဆွတ်ငိုင်တောင် စစ်ရှောင်စခန်းမှာ အနီးဝန်းကျင်ရပ်ကွက် တွေမှာလည်း ကိုဗစ်‌-၁၉ ကူးစက်ခံရသူတွေရှိတာကြောင့် ပြီးခဲ့တဲ့ ဇွန်လိုင်လ ၁၉ ရက်ကစတင်ပြီး အဝင်အထွက်ပိတ်ပင်ထားကာ ရောဂါကူးစက်မှုနှုန်းပေါ်မူတည်ပြီး စခန်းပြင်ပသွားလာမှုတွေကို ပြန်လည်ဖွင့်ပေးမယ်လို့ စခန်းတာဝန်ခံဆီက သိရပါတယ်။ 

အခုလိုစစ်ရှောင်စခန်းတွေ အသွားအလာကန့်သတ်လိုက်တာကြောင့် ငွေရေးကြေးရေး အဆင်မပြေတဲ့ မိသားစုတွေအတွက် စားဝတ်နေရေး အခက်အခဲ ရှိလာနိုင်တယ်လို့ စခန်းတာဝန်ရှိတွေက ပြောပါတယ်။

လက်ရှိအချိန်အထိ စစ်ရှောင်စခန်းတွေမှာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ မရှိသေးဘူး လို့ သိရပါတယ်။

ကချင်ပြည်နယ်မှာ စစ်ပွဲတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစပြီး စစ်ရှောင်စခန်းတွေမှာ နေရာဒေသအသီးသီးက စစ်ရှောင်ပြည်သူတွေ ရောက်ရှိနေထိုင်ကြတာဖြစ်ပြီး လက်ရှိ ဝိုင်းမော်မြို့နယ်နဲ့ မြစ်ကြီးနားမြို့နယ်တို့မှာ စစ်ရှောင်စခန်းစုစုပေါင်း ၃၆ ခု ရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024