Home
မြန်မာသတင်း
ကာကွယ်ကုသရေးဟန်ချက်ညီမှ တိုင်းပြည်အမြန်ဆုံးအန္တရာယ်ကင်းမည်ဟု CDM ဆေးရုံအုပ်ပြော
DVB
·
July 22, 2021

ကိုဗစ်အရေးအတွက် ကာကွယ်ရေးနဲ့ကုသရေးကို ဟန်ချက်ညီညီလုပ်မှ တိုင်းပြည် အမြန်ဆုံးအန္တရာယ်ကင်းမှာဖြစ်ပြီး ပြည်သူအချင်းချင်း အားပေးကူညီခြင်းဖြင့် ပူးပေါင်းကျော်လွှားကြဖို့  CDM ဆေးရုံအုပ်ကြီးတစ်ယောက်က ပြောကြားလိုက်ပါတယ်။

ကိုဗစ်တတိယလှိုင်းမှာ စစ်ကောင်စီက ကာကွယ်ရေးလုပ်ငန်းတွေ ဘာမှမဆောင်ရွက်ဘဲ ဒီအတိုင်းလွှတ်ထားတာဟာ ပြည်သူတွေကို ရည်ရွယ်ချက်နဲ့ဒုက္ခပေးတာဖြစ်ပြီး မဖြစ်ခင်က မကာကွယ်ခဲ့သလို ဖြစ်နေချိန်မှာလည်း ကုသရေး၊ ကာကွယ်ရေးလုပ်ငန်းတွေကို မဆောင်ရွက်တာဟာ အခြေအနေကို  ပိုဆိုးစေမယ်လို့ CDM ဆေးရုံအုပ်ကြီးက ပြောပါတယ်။

"ကိုဗစ်တတိယလှိုင်းမှာ ကာကွယ်ရေးနဲ့ကုသရေးကို ဟန်ချက်ညီမှ ရောဂါကို ကျော်လွှားနိုင်မယ်ဆိုတဲ့ သဘောတရားကိုနားလည်ဖို့၊ အောက်ဆီဂျင်ရော ဆေးကုထုံးတွေရော မြင်သမျှ ကြားသမျှ မလုပ်ဖို့၊ ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေနဲ့တိုင်ပင်ပြီးလုပ်ကြဖို့။ ပြည်သူအချင်းချင်း အားပေးကူညီခြင်းဖြင့် ပူးပေါင်းကျော်လွှားကြဖို့ လိုတယ်ဆိုတာကို သိစေချင်ပါတယ်။"

စစ်ကောင်စီက ပြည်သူကို ကုသမှုပေးနေတဲ့ CDM ဆရာဝန်တွေကို ဖမ်းဆီးတာ ခြိမ်းခြောက်တာတွေရှိနေပါတယ်။ 

စစ်ကောင်စီထုတ်ပြန်နေတဲ့ ပိုးကူးစက်နှုန်းနဲ့ သေဆုံးနှုန်းဟာလည်း သတင်းအချက်အလက်အမှားဖြစ်ပြီး မြေပြင်အခြေအနေမှာ နှစ်ဆဖြစ်နေကြောင်း၊ CDM ဆရာဝန်ကြီးတွေ၊ သမားတော်ကြီးတွေက အွန်လိုင်းကနေလမ်းညွှန်မှုတွေပေးနေပြီး မြေပြင်အဖွဲ့က ကုသမှုပေးနေတယ်လို့ CDM ဆေးရုံအုပ်ကြီးက ပြောပါတယ်။

"CDM ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေဟာ ဒေသအလိုက်ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်။ ကျနော်တို့က ဆေးရုံတွေမှာလို ဘာအထောက်အကူမှမရှိဘဲ ရင်ဖွင့်ပြီးလုပ်နေရတာဖြစ်ပါတယ်။ အဲ့ဒါကိုမှ ပိတ်ဆို့ဖမ်းဆီးတယ်ဆိုတော့ လူထုက ကူရမဲ့ပေါ့။ ဆေးရုံမှာတက်တဲ့လူနာလောက် ကျနော်တို့စောင့်ရှောက်ပေးနေတဲ့လူနာက ခေါက်ချိုးညီရှိနေတာလေ။ အဲ့ဒါကို တားမယ် အပြစ်ရှာမယ်ဆိုရင် အများကြီးမှားသွားမှာပေါ့။"

စစ်ကောင်စီလက်အောက်မှာ အလုပ်လုပ်နေတဲ့ ဆရာဝန်တွေဟာ ကိုဗစ်ကို မထိန်းနိုင်တဲ့အတွက် အခက်အခဲဖြစ်နေကြကြောင်း၊ စစ်ကောင်စီက ရာထူး၊ ငွေကြေးနဲ့ မက်လုံးပေးပြီး ဆရာဝန်တွေကို ထိန်းထားတယ်လို့လည်း ဆိုပါတယ်။ 

စစ်ကောင်စီဟာ လူ့အခွင့်အရေးကျင့်ဝတ်တွေကို ချိုးဖောက်နေတာဖြစ်ပြီး ပြည်သူ့ကျန်းမာရေးကို လျစ်လျူရှုထားတာဟာ ဆိုးရွားတဲ့ရာဇဝတ်မှုဖြစ်တယ်လို့လည်း ဆေးရုံအုပ်ကြီးကဝေဖန်ပါတယ်။ 

ဇွန်လ ဒုတိယအပတ်မှာ စတင်ခဲ့တဲ့ ကိုဗစ်တတိယလှိုင်းကြောင့်  မြေပြင်မှာသေဆုံးနှုန်းက စစ်ကောင်စီထုတ်ပြန်တဲ့ စာရင်းတွေထက် ပိုများနေတယ်လို့ ဆရာဝန်တွေ အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့တွေက ခန့်မှန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024