ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးဟာ ကိုဗစ်-၁၉ ရောဂါနဲ့ ဇူလိုင် ၂၁ ရက် ဒီနေ့ ညနေပိုင်းက ကွယ်လွန်သွားပါတယ်။
စစ်ဦးချုပ် စောမိုရှေးဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတာဖြစ်ပြီး ဇူလိုင် ၂၁ ရက်နေ့ ညနေ ၄ နာရီ ၄၃ မိနစ် အချိန်လောက်က ကွယ်လွန်သွားတာဖြစ်ပါတယ်။
စောမိုရှေးဟာ ကွယ်လွန်ချိန်မှာ အသက် ၅၃ နှစ်ရှိပြီဖြစ်ပါတယ်။ စစ်ဦးစီးချုပ် စောမိုရှေးရဲ့ အလောင်းကိုတော့ DKBA စစ်ဌာနချုပ်ကို သယ်ဆောင်ဖို့ ဌာနဆိုင်ရာတွေနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
DKBA အဖွဲ့ဟာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကနေ ၁၉၉၄ ခုနှစ်မှာစတင် ခွဲထွက်ခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ ကရင်လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။
(အမှားပြင်ဆင်ချက် - မူလသတင်းတွင် သေဆုံးချိန် မွန်းလွဲ ၂ နာရီခန့်ဟု ဖော်ပြထားသည့်အစား ညနေ ၄ နာရီ ၄၃ မိနစ်ဟု ပြင်ဆင်ထားပါသည်။)