စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇူလိုင် ၁၅ ရက်က တိုက်ပွဲဖြစ်ပွားတာကြောင့် အာဏာသိမ်းစစ်ကောင်စီတပ်က ၁၇ ဦး သေဆုံးပြီး ကလေးမြို့ PDF တပ်ဖွဲ့က ၂ ဦး ကျဆုံးတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကလေးမြို့နယ်တောင်ပိုင်း တင်သား၊ ကျောက်ဖူး၊ ဒိုးနွယ်နဲ့ အရှေ့စည်းရွာတွေကို အကြမ်းဖက် ဝင်ရောက်စီးနင်းတာကြောင့် တိုက်ပွဲဖြစ်ခဲ့တာလို့ PDF တပ်ဖွဲ့က ဇူလိုင် ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
PDF တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ဇူလိုင် ၁၅ ရက် မနက် ၁၀ နာရီ ဝန်းကျင်လောက်ကစတင်ပြီး ညနေ ၇ နာရီခွဲလောက်အထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြည်သူ ၂ ဦးလည်း စစ်တပ်က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျောက်ဖူးနဲ့ အရှေ့စည်းရွာတွေမှာ တပ်စွဲထားဆဲဖြစ်ပြီး အနီးဝန်းကျင်နယ်မြေက ပြည်သူတွေအနေနဲ့ လုံခြုံရေးအသိ၊ သတိရှိစွာနဲ့ သွားလာနေထိုင်ကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်ကောင်ဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။