စစ်ကောင်စီကတရားရုံးကို မထေမဲ့မြင်ပြုပြီး တရားရုံးမှာ ဓာတ်ပုံရိုက်ခဲ့တာကို တားမြစ်ပေးဖို့ နိုင်ငံခေါင်းဆောင် သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ရှေ့နေတွေက ဒီနေ့ ဇူလိုင် ၁၃ရက်နေ့ရုံးချိန်းမှာ တရားရုံးထံ တောင်းဆိုခဲ့ပါတယ်။
တရားရုံးတွေမှာ ကျင့်ဝတ်အရ သတင်းထောက်တွေ အပါအဝင် ဘယ်သူမှ ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံ၊ ဗီဒီယိုမရိုက်ဖို့ စည်းကမ်းသတ်မှတ်ထားတာပါ။ တရားရုံးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ပေးမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
နိုင်ငံ့ခေါင်းဆောင်တွေရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက "ဆရာဦးခင်မောင်ဇော်က သူတို့ ဓာတ်ပုံရိုက်တဲ့ဟာကို တရားရုံးတွေမှာ ဓာတ်ပုံရိုက်ဖို့ခွင့်မပြုဘူး။ သတင်းထောက်တွေကိုလည်း ခွင့်မပြုဘူး။ အဲ့ဒီအတွက်ကြောင့်မိုလို့ တရားရုံးတော်ကိုဓာတ်ပုံရိုက်ခြင်းဟာ မထီမဲ့မြင်ပြုရာရောက်တဲ့အတွက် တားမြစ်ပေးဖို့ဆိုပြီးလျှောက်တယ်။ တရားသူကြီးကတော့ တရားရုံး မှတ်တမ်းမှာလည်း ဖော်ပြပါရှိပြီးဖြစ်တဲ့အတွက်ကြောင့် ညှိနှိုင်းပြီးဆောင်ရွက်ပေး မယ်လို့ပြောတယ်"လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
ဇူလိုင် ၁၃ ရက်နေ့ရုံးချိန်းမှာ သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒေါက်တာမျိုးအောင်တို့ သုံးယောက်တွဲ အစွဲခံထားရဲ့ ပုဒ်မ ၅၀၅(ခ) အမှုအတွက် တရားလိုပြသက်သေ ဒုရဲမှူးတစ်ယောက်နဲ့ လဝကဦး စီးမှူးတစ်ယောက်ကို စစ်ဆေးခဲ့ပါတယ်။
သုံးဦးတွဲအမှုအတွက် နောက်ထပ်ရုံးချိန်းကို အချိန်နှစ်ပတ်ခွာပြီး ဇူလိုင် ၂၇ ရက်နေ့မှာ ပြန်ချိန်းခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဥပဒေအမှုအတွက်ကတော့ သက်သေတွေတစ်ယောက်မှမလာနိုင်တဲ့အတွက် ဇူလိုင် ၂၂ရက်နေ့ကို ရုံးချိန်းရွှေ့ဆိုင်းလိုက်ပါတယ်။
ရှေ့နေ ဒေါ်မင်းမင်းစိုးက "ဒီနေ့ကတော့ ထူးပြီးတော့ ဘာမှတော့ မပြောပါဘူး။ အမေကျန်းကျန်းမာမာရှိတယ်။ သူတို့ ၃ ဦးနဲ့ စကားပြောစရာရှိလို့ တခြားသီးသန့် သိပ်မပြောဖြစ်ဘူး။ မနေ့ကတော့ ပြည်သူတွေအတွက်နည်းနည်းပြောဖြစ်တယ်ပေါ့နော်။ ဒီနေ့က ဘာမှ မပြောဖြစ်ဘူး။ ကျန်းမာပါတယ်။ သူတို့ ၃ ယောက်လုံးက ဒီနေ့တချိန်တည်း တွေ့ရတာလေ"လို့ ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီး စစ်ကောင်စီက ပုဒ်မ ၆ ခုနဲ့ တရားစွဲခဲ့တာပါ။ ဇွန်လ ၉ ရက်နေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ အမှုထပ်ဖွင့်ခဲ့ပါတယ်။
ဇူလိုင် ၁၂ ရက်နေ့ ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မန္တလေးတိုင်းတရားလွှတ်တော်မှာ အဂတိပုဒ်မ အမှုလေးခုနဲ့ ထပ်မံစွဲဆိုထားတယ်လို့ ရှေ့နေတွေက ပြောပါတယ်။ အဲ့ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့အမှုဟာ စုစုပေါင်း ၁၁ မှု အထိရှိလာပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အမှု ပထမဆုံးအကြိမ်ရုံးချိန်းမှာလည်း စစ်ကောင်စီမီီဒီယာတွေက ကျင့်ဝတ်ချိုးဖောက် ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ပြီး ထုတ်လွှင့်ပြသခဲ့ပါတယ်။