ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို ဇူလိုင် ၁၁ ရက်ညက ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) က ၀င်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
အောင်မြေ-၁ ကျေးရွာအ၀င် တံတားနားက ရွှေညောင်ပင်အခြေစိုက် ခမရ ၃၂၁ တပ်က စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ထိုင်တဲ့ ဂိတ်စခန်းတစ်ခုကို ကေအိုင်ကေက ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတစ်ဦးက “ည ၈ နာရီကျော်လောက်ကနေ သေနတ်သံတွေ ဗုံးပေါက်ကွဲသံတွေနဲ့ ပစ်နေကြတာ၊ နာရီ၀က်လောက်ကြာတော့ စခန်းမီးလောင်သွားခဲ့တယ်” လို့ ပြောပါတယ်။
ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်သားတွေ အကျအဆုံးရှိခဲ့တယ်လို့ သိရပေမဲ့ DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။
အဆိုပါ ခမရ ၃၂၁ တပ်စခန်း တိုက်ခိုက်ခံရပြီးနောက် ဝိုင်းမော်မြို့အခြေစိုက် တပ်ရင်းတခုဖြစ်တဲ့ ခလရ ၅၈ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ကေအိုင်အေတပ်ရှိရာဘက် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဝိုင်းမော်မြို့နဲ့ ၁၂ မိုင်အကွာရှိ ဝါရှောင်ကျေးရွာအနီးတဝိုက်မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဝါရှောင်ဒေသခံတစ်ဦးက အတည်ပြုပါတယ်။
ဇွန်လ ၂၃ ရက်ညက ကေအိုင်အေတပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၃ က ဗလမင်းထင်တံတားအနီးရှိ စုပေါင်းဂိတ်ကို ရှောင်တခင် ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဝိုင်းမော်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ ကေအိုင်အေတို့ကြား အခုရက်ပိုင်း တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။