ဧရာဝတီတိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ကာကွယ်နိုင်ဖို့ဆိုပြီး စစ်ကောင်စီက မြို့နယ်အလိုက် ပြည်သူ့စစ်တပ်ဖွဲ့တွေကို ဖွဲ့စည်းနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒေသခံလူငယ်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေကို စည်းရုံးကာ ရပ်ကွက် ၁ ခုကို အနည်းဆုံး ၁၀ ယောက်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့ စည်းနေတာ ဖြစ်ပါတယ်။
“ကျနော်တို့ဘက်မှာ လူလာစုတုန်းကတော့ ကိုယ့်ရပ် ကိုယ့်ဒေသကို ကာကွယ်နိုင်ဖို့ဆိုပြီး ပြောတယ်။ အဲဒါ ဝင်မယ့်သူမရှိတော့ ရွာတစ်ရွာကို အနည်းဆုံး အယောက် ၂၀ ပေးရမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးကို အတင်းတောင်းတယ်။ ပြီးတော့ စစ်သင်တန်းပေးတယ်”လို့ ဝါးခယ်မမြို့နယ်က ဒေသခံတဦးက ပြောပါတယ်။
ပြည်သူ့စစ်တွေကို ရပ်ကွက် ကျေးရွာအလိုက် အုပ်ချုပ်ရေးမှူးရုံးတွေမှာ တပ်ခွဲရုံးတွေ ဖွင့်လှစ်ပေးထားတယ်လို့ ဆိုပါတယ်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး အင်တာနက်အသုံးပြုဖို့ ခက်ခဲတဲ့ ဒေသတွေမှာတော့ “အမျိုးသားရေးအစ YMBA က၊ YMBA မှန်သမျှ ဌာနေပြည်သူ့စစ်ကို ဝင်ရောက်ကြ” စတဲ့ ပြောဆိုစည်းရုံးမှုတွေ ပြုလုပ်နေပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကတည်းက စစ်ကောင်စီက ရပ်ကွက်အလိုက် ပြည်သူ့စစ်ယူနီဖောင်း၊ ဦးထုပ်နဲ့ ဖိနပ် ၁၀ စုံစီထုတ်ပေးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
လက်ရှိ ဧရာဝတီတိုင်းက လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး အင်တာနက်အခက်အခဲရှိတဲ့ ဒေသတွေမှာ စစ်ကောင်စီက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို ဖွဲ့စည်းထားပြီး မြို့ကြီးများမှာလည်း ထပ်မံဖွဲ့စည်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။