ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ မရင်းသံဖြူချောင်းကျေးရွာက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးမုတ်ဆိတ် (ခေါ်) ဦးထွန်းထွန်းဦးကို ဒီကနေ့ မနက်ပိုင်းက နေအိမ်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဦးမုတ်ဆိတ်မှာ အာဏာသိမ်းစဉ်ကာလက သပိတ်စစ်ကြောင်းတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူဖြစ်ကာ ကိုဗစ်ရောဂါကူးစက်ခံရတာကြောင့် ဆေးရုံသွားရောက်ပြသပြီး ရောဂါသက်သာလို့ နေအိမ်ပြန်လာစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ချက်ခြင်းလာရောက်ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
"သပိတ်တွေမှာ တက်တက်ကြွကြွပါခဲ့သူတွေ Positive ဖြစ်လို့ Q ထားပြီး အဲလိုဖမ်းရင် နောင်မှာ Q မဝင်ကြဘဲ ရှောင်ကြရင်တော့ ရောဂါဖြန့်ဝေသလို ဖြစ်လာနိုင်တယ်။”
ဖမ်းဆီးခံရသူ ဦးမုတ်ဆိတ် (ခေါ်) ဦးထွန်းထွန်းဦးဟာ ၈၈ အရေးအခင်းကာလကတည်းက ပါဝင်ခဲ့တဲ့ လှုပ်ရှားတက်ကြွသူတဦးဖြစ်ပြီး ၂၀၁၅ လက်ပံတန်းကျောင်းသားသပိတ်မှာလည်း လူမှားယွင်းဖမ်းဆီးခံခဲ့ရဖူးသူဖြစ်ကြောင်း သိရပါတယ်။