
မန္တလေးတိုင်း မိုးကုတ်မြို့မှာ ဇွန် ၉ ရက်နေ့ကစပြီး ဇူလိုင် ၇ ရက်နေ့အထိ ကိုဗစ် ၁၉ အတည်ပြုလူနာ ၁၅၀ နဲ့ သေဆုံးသူ ၁၀ ဦးထိ ရှိလာပြီး ပိုးတွေ့လူနာတွေအတွက် အောက်ဆီဂျင်တွေ လိုအပ်နေတယ်လို့ မိုးကုတ် ကိုဗစ်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကိုဗစ်အတည်ပြုလူနာ နဲ့ ထိစပ်ထားသူတွေနဲ့ အနံ့ပျောက်တဲ့လူနာတွေကို RDT နဲ့ စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ရပြီး သေဆုံးပြီးနောက်မှ ပိုးတွေ့ရှိခဲ့တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့နယ်က ပိုးတွေ့လူနာ အများဆုံးဖြစ်တဲ့ ပတ္တမြားရပ်ကွက်ကို semi lockdown ထပ်မံချထားပြီး ရပ်ကွက်တွေမှာ ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ဆောင်နေပါတယ်။
မိုးကုတ်မြို့မှာ ကိုဗစ်အတည်ပြုလူနာတွေ များလာတာကြောင့် အောက်ဆီဂျင်တွေ လိုအပ်နေပြီး လူမှုရေးအသင်းအဖွဲ့တွေ စုပေါင်းလုပ်ဆောင်ကူညီနေတယ်လို့ သိရပါတယ်။