
မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ဂွေးကုန်းအုပ်စု၊ စစ်တောကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၊ ဆဋ္ဌမတန်း အတန်းပိုင်ဆရာမဟာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရပေမယ့် ကျောင်းမပိတ်တဲ့အတွက် ကျောင်းသားမိဘတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
စစ်တောကုန်းကျေးရွာ တာဝန်ရှိသူတစ်ဦးက ''အဲဒီကျောင်းက ကျောင်းသား ၅ ဦးယောက်လည်း အနံ့မရဘူးလို့သိရတယ်။ အနံ့မရသူတွေကတော့ ဒီနေ့ မြို့သစ်မြို့ပြည်သူဆေးရုံမှာ ဆေးစစ်မယ်။ စစ်တောကုန်းရွာဘုန်းကြီးကျောင်းက ကိုရင်တွေနဲ့ ရွာကလေးအများစုလည်း ဖျားနေကြတယ်'' လို့ ပြောပါတယ်။
စစ်တောကျောင်းက ပိုးကူးစက်ခံရတဲ့ ဆရာမရဲ့ ဆဋ္ဌမတန်းကိုသာပိတ်ပြီး ကျန်အတန်းအားလုံးကျောင်းတက်ရမယ်လို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဝေက ညွှန်ကြားထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
''အတန်းပိုင်ဆရာမရဲ့ ဇာတိက ကန်ကြီးရွာကလေ။ ကျောင်းကို နေ့ချင်းပြန်တက်တာ။ သူနဲ့ထိစပ်သူတွေ ဘယ်လောက်များနေပြီလဲမသိဘူးဗျာ။ အခုဖြစ်နေတာက စစ်ကောင်စီက လုပ်ချင်တာလုပ်နေတာ။ ကျနော်တို့လည်း စိတ်ညစ်နေပြီ'' လို့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ကလေးတွေကို အိမ်ပြန်မလွှတ်ဘဲနဲ့ ကျောင်းအိပ်ကျောင်းစားအဖြစ် ကျောင်းအတွင်းမှာထားလို့ မိဘတွေက ကလေးတွေအတွက် စောင်၊ ခြင်ထောင်၊ ထမင်း၊ ဟင်းချိုင့်တွေ ပေးပို့နေရပြီး ကလေးတွေ ဖျားနာမကောင်းဖြစ်မှာကို ကျောင်းသားမိဘတွေ စိုးရိမ်နေကြကြောင်း ဒေသခံတွေဆီက သိရပါတယ်။