
အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဆက်သွယ်တာတွေရှိနေပြီး အကြောင်းအမျိုးမျိုး ကြောင့် စစ်ကောင်စီနဲ့ ဆက်ဆံနေရတာတွေရှိပေမယ့် စစ်ကောင်စီကို အစိုးရတရပ်အဖြစ် အသိအမှတ်မပြုကြောင်း အခိုင်အမာပြောကြတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက ဇွန်လ ၂၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲ မှာပြောဆိုလိုက်ပါတယ်။
"သူတို့ဘက်က ကျွန်တော်တို့ဆီကို ဆက်သွယ်လာတာတွေရှိတယ်။ အသေးစိတ်ကတော့ သူတို့ တောင်းဆိုချက်အရ ပြောလို့မရသေးပါဘူး။ အာဆီယံက အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီနဲ့ ဆက်ဆံနေရတာတွေရှိတယ်။ ဒါပေမဲ့ စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်မပြုဘူးဆိုတာ အခိုင်အမာပြောထားတာရှိပါတယ်" လို့ ဒုဝန်ကြီးဦးမိုးဇော်ဦး က ပြောပါတယ်။
ကုလသမဂ္ဂမှာလည်း စစ်ကောင်စီကတင်သွင်းတဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို ပယ်ချခံရတာတွေရှိနေပြီး နိုင်ငံတကာမှာ စစ်ကောင်စီကို အသိအမှတ်ပြုတဲ့ နိုင်ငံတစ်နိုင်ငံမှမ ရှိသေးဘJ နိုင်ငံတကာထောက်ခံမှုအရ အမျိုးသားညီညွတ်ရေးအစိုးရကိုသာ အလေးထားကြတာကိုလည်း တွေ့နိုင်တယ်လို့ဆိုပါတယ်။
အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ရဲ့ ရပ်တည်ချက်အပေါ်မှာတော့ မြန်မာပြည်သူတွေက သတိထားစောင့်ကြည့်ဖို့လိုမယ်လို့ ဦးမိုးဇော်ဦးက ပြောပါတယ်။
ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ တော်လှန်ရေးမှာလည်း ပြည်သူတွေက ကိုယ့်ကိုယ်ကို ခုခံကာကွယ်တာဥပဒေ နဲ့ ညီညွတ်တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာကလည်း ဒီအခြေအနေတွေကိုစောင့်ကြည့်နေသလို စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာဥပဒေတွေနဲ့အညီအရေးယူနိုင်အောင်ဆောင်ရွက်မယ်လို့ ဆိုပါတယ်။