မန္တလေး ပစ်ခတ်မှုမှာ PDF တပ်ဖွဲ့ဝင် ၂ ယောက် ကျဆုံးပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့တယ်လို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် မြို့ပြပြောက်ကျားတာဝန်ခံက ပြောပါတယ်။
ဇွန်လ ၂၂ ရက်နေ့ မနက် ၈ နာရီလောက်က ဖြစ်ပွားခဲ့တဲ့ မန္တလေး PDF နဲ့ စစ်ကောင်စီတို့ရဲ့ အပြန်အလှန်ပစ်ခတ်မှုမှာ PDF ဘက်က ၂ ယောက် ကျဆုံး၊ ၁ ယောက် ဒဏ်ရာရပြီး ၆ ဦး အဖမ်းခံခဲ့ရတယ်လို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် မြို့ပြပြောက်ကျားတာဝန်ခံ ဗိုလ်ထွန်းတောက်နိုင်က ပြောပါတယ်။
စစ်ကောင်စီဘက်က ထုတ်ပြန်ချက်တွေဟာ အချက်အလက်အမှားတွေဖြစ်ပြီး ပြည်သူတွေ စိုးရိမ်အောင်ထုတ်ပြန်တာလို့ ဆိုပါတယ်။
“အဲဒီနေရာကနေ ခွာလိုက်ရပြီ။ အဲဒီနေရာပေးလိုက်ရတယ်။ စုစုပေါင်းဒဏ်ရာရတဲ့ ၃ ယောက်ထဲမှာ ၂ ယောက် ကျတယ်။ ၆ ယောက် အရှင်ဖမ်းမိသွားတယ်။ သူတို့ဘက် သုံးယောက် ကျတယ်ဗျ။ Dead Body တွေက အဲ့အထဲမှာပဲ။ ကျနော်တို့ ဘာမှ မယူလိုက်နိုင်ဘူး။ သူတို့လက်ထဲမှာပဲ ကျန်ခဲ့တာ။ လက်နက်ကြီးနဲ့ အပစ်ခံခဲ့ရတာပါ။ အနီးအနားတိုက်တစ်ခုပေါ်ကနေ ကျနော်တို့ကို ပစ်တာဗျ” လို့ ဗိုလ်ထွန်းတောက်နိုင်က ပြောပါတယ်။
စစ်ကောင်စီဘက်က သေဆုံးသူမှာ စစ်ကြောင်း (၃) က ဒုဗိုလ်မှူးကြီး အောင်မျိုးကျော်နဲ့ အခြားအဆင့်တစ်ဦးတို့ ဖြစ်တယ်လို့လည်း သတင်းတွေထွက်နေပါတယ်။
ဒီနေ့ပစ်ခတ်မှုဖြစ်ရတာ ဒလန်တွေ သတင်းပေးတာကြောင့်ဖြစ်ပြီး ဒလန်စာရင်း အတိအကျ ရထားပြီး နောက်ကလိုက်နေတယ်လို့ ဆိုပါတယ်။
လူမှုကွန်ရက်တွေမှာ ဖော်ပြနေသလို စစ်ကောင်စီက သိမ်းယူလိုက်တဲ့နေရာဟာ မန္တလေး PDF ရဲ့ အဓိကရုံးစိုက်ရာနေရာ မဟုတ်ဘူးလို့လည်း ဗိုလ်ထွန်းတောက်နိုင်က ပြောပါတယ်။
“ဒလန်ကတော့ ကျနော်တို့ သိထားပြီးပြီ။ စာရင်းအတိအကျရထားပြီးပြီ။ ကျနော်တို့ လိုက်ခိုင်းထားပါတယ်။ လိပ်စာက ၅၄ လမ်း ၁၁၁၊ ၁၁၂ ကြားမှာဖြစ်ပါတယ်။ ပြည်သူတွေက ဒီနေရာကို မလာကြပါနဲ့ဆိုပြီးတော့မှ ရေးထားတာကို စကစတွေက တွေ့ပြီးတော့မှ သေချာသွားတာ ဖြစ်ပါတယ်။ သူတို့က နေရာယူနေတုန်းပဲ ရှိပါသေးတယ်။ အတိအကျ ဒီနေရာမှာ ရှိနေတယ်ဆိုတာကို မသိသေးတဲ့အနေအထားမှ ဒီလိုခံလိုက်ရခြင်းဖြစ်တယ်ဗျ” လို့ ဗိုလ်ထွန်းတောက်နိုင်က ဖြစ်စဉ်ကို ပြောပါတယ်။
စစ်ကောင်စီက သိမ်းယူခဲ့တဲ့နေရာမှာ သေနတ်နှစ်လက်ပဲ ကျန်ခဲ့ပြီး အဲဒီနေရာမှာ လက်နက်အများကြီး မထားကြောင်းနဲ့ ရှိနေတဲ့ လက်နက်ခဲယမ်းတွေကို အကုန်လုံးနီးပါး ထုတ်ယူသွားနိုင်တယ်လို့ ဆိုပါတယ်။
“အဲ့ဒီနေရာမှာ သေနတ်နှစ်လက်ပဲကျန်ခဲ့တာပါ။ ခံပစ်ဖို့အတွက် နှစ်လက်ပါ။ အစကတည်းက အဲဒီနေရာမှာ လက်နက်အများကြီးမထားဘူးဗျ။ တောထဲမှာပဲထားတယ်။ အဲဒီနေရာလေးမှာ အစောင့်အနေနဲ့ထားတဲ့ဟာတွေက ပါသွားတာပေါ့။”
ဒီနေ့ဖြစ်စဉ်ကြောင့် မန္တလေး PDF ဟာ သွေးအေးနေလို့မရတော့ဘဲ ပြည်သူတွေရဲ့ ကူညီမှုနဲ့ တိုက်ပွဲဝင်ရတော့မယ်လို့ ဆိုပါတယ်။ မန္တလေးမြို့အနှံ့မှာ PDF တွေ နေရာချထားနိုင်ပြီလို့လည်း ဗိုလ်ထွန်းတောက်နိုင်က ဆိုပါတယ်။
စစ်ကောင်စီရဲ့ မီဒီယာတွေမှာတော့ ချမ်းမြသာစည်မြို့နယ်မှာ ဒီနေ့မနက်က ပစ်ခတ်မှု ဖြစ်ပွားပြီး PDF ၈ ဦး ကျဆုံး၊ ၈ ဦး ဖမ်းဆီးခံရကာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်အချို့ အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။