Home
မြန်မာသတင်း
မြန်မာတွင် တရက်တည်းလူ ၄၀၀ ကျော်ကိုဗစ်-၁၉ ကူးစက်ခံရ၊ စုစုပေါင်းကူးစက်ခံရသူ ၁၄၈,၀၀၀ ကျော်လာ
DVB
·
June 21, 2021

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ်  ၄၀၇ ယောက် ရှိ ခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၁၄၈,၀၂၂ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်နေကြတဲ့ ဆေး ရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ပဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို တော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၃,၄၃၁ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၄၀၇ ယောက် တွေ့ရှိခဲ့ရပြီး ၄ ယောက် ထပ်မံသေဆုံးတာမို့ စုစုပေါင်းသေဆုံးသူ  ၃,၂၆၂ ယောက် ရှိခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ် ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး    မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့ က ကြေညာထားခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ပိုးတွေ့ရှိသူ ၁၁ ဦးရှိကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဇွန် ၁၉ ရက်က ကိုဗစ်ပိုးတွေ့လူနာသစ် ၅၄၆ ယောက်ထဲမှာတော့ ကလေးမြို့ နယ်မှာ ၁၁၀ ယောက်နဲ့ အများဆုံး တွေ့ရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024