
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကင်းစံပြကျေးရွာမှာ ဇွန်လ ၁၉ ရက်ညနေက အကြမ်းဖက်စစ်တပ်က ရွာသားတွေကို ရိုက်နှက်ပြီး လူနေအိမ်တွေ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ညနေပိုင်းက စစ်တပ်တွေ ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးခဲ့ကာ ရွာထဲရှိတဲ့ အမျိုးသမီးတွေကို ရိုက်နှက်ခဲ့သလို အမျိုးသား ၂ ဦးကို ဓားနဲ့ မွှန်းသွားတယ် လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဈေးဆိုင်တွေ ဖျက်ဆီးသွားတယ်။ တန်ဖိုးကြီးရွှေငွေတွေ ယူသွားတယ်။ ဘက်ထရီအိုး၊ ကွန်ပျူတာ၊ ဖုန်း ဗီရိုမှန်တွေ ရိုက်ခွဲပြီး ယူသွားတယ်။ ဈေးဆိုင်ထဲက ဆန်၊ ဆီ သိန်း ၇၀ ဖိုးလောက် ရှိတယ်”လို့ ဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။
ကနီမြို့နယ်၊ မိကျောင်းတွင်းကျေးရွာမှာလည်း အမျိုးသားတစ်ယောက်ကို ဇွန်လ ၁၉ ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ကနီမြို့နယ်မှာ မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ ကား ၁ စီး မိုင်းခွဲခံရပြီးနောက် မိချောင်းတွင်းကျေးရွာနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေကို စစ်တပ်က ဝင်ရောက်ရှာဖွေဖမ်းဆီးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။