မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဇွန် ၁၈ ရက်က ၁၀ လအရွယ် ကလေးငယ် တစ်ဦး အပါအဝင် ဒေသခံ ၁၀ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံ ကူးစက်ခံလိုက်ရတယ်လို့ ကိုဗစ်အရေးကူညီနေသူတွေက ပြောပါတယ်။
ရောဂါပိုး ထပ်မံကူးစက်ခံရသူတွေဟာ ဒုတိယအကြိမ် ရောဂါပိုး ရှိ မရှိ စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ရောဂါပိုး ကူးစက်ခံရသူ ၁၀ ဦးမှာ ၆ ဦးဟာ မော်လမြိုင် ဈေးကြိုရပ်က ကမ္ဘာ့ရတနာဘဏ်မှ ကိုဗစ်ရောဂါပိုး တွေ့ရှိသူနဲ့ ထိတွေ့စပ်ထားတဲ့သူတွေ ဖြစ်ပါတယ်။
ကျန် နှစ်ဦးကတော့ မော်လမြိုင် အမှတ်(၉) အခြေခံပညာအထက်တန်းက အတည်ပြုလူနာ ကျောင်းသူရဲ့ အဖိုးဖြစ်သူနဲ့ ထိတွေ့ထားတဲ့သူတွေဖြစ်ပြီး ၁၀ လအရွယ် ကလေးငယ် တစ်ဦးနဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ်တွေ ဖြစ်ပါတယ်။
ကျန် နှစ်ဦးကတော့ မော်လမြိုင်ဈေးကြို အင်းဝိုင်းက အမျိုးသမီး တစ်ဦးနဲ့ မိသားစုဝင် အသက် ၉ နှစ်ခွဲအရွယ် ကလေးငယ် တစ်ဦး ဖြစ်ပါတယ်။
ရောဂါပိုး တွေ့ရှိခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာတွေကို မော်လမြိုင်ဆေးရုံကြီးနဲ့ မော်လမြိုင်က တပ်မတော် ဆေးရုံ မဆရ(၅) ကို ပို့ဆောင်ထားပြီး ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ ဇွန်လ ၁၈ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ အယောက် ၅၀ ကျော်အထိ ရှိလာပြီး အဲဒီထဲမှာ ၅ ဦးသေဆုံးထားပါတယ်။