စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း ကျေးရွာတွေမှာ ဇွန် ၁၇ ရက်မနက် ၅ နာရီက စပြီး အကြမ်းဖက်စစ်တပ်က စစ်ကားတွေနဲ့ ရွာထိပ်မှာရပ်ပြီး သေနတ်ပစ်ဖောက် ခြေလျင်ဝင်ကာ ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မနက် ၅ နာရီကစပြီး စစ်ကား ၁၆ စီးလောက်လာပြီး ယဉ်ကျေးရွာ တောကျောင်း ဘုန်းကြီးကျောင်း၊မြို့ကြီး၊တည်တော၊သပြေကုန်း၊အုပ်ဆည်၊အင်ပင်လေး၊မြင်းတန့်ကျေးရွာတွေကို စစ်အင်အား ၄၀၀ လောက်နဲ့ ဝင်ရောက်စီးနင်းပြီး၊ အိမ်တွေထဲက ပစ္စည်းတွေကိုလည်း မွှေနှောက်ယူ သွားကြတယ်။ တည်တောရွာက ယမကာ ဆိုင်ဆိုရင် အရက်ပုလင်းနဲ့ဘီယာဖာတွေ အားလုံးယူသွားတယ်”လို့ ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မနက် ၁၁ နာရီလောက်က စစ်ရဟတ်ယာဉ်တစ်စင်းနဲ့ ဒီပဲယင်းမြို့နယ်အနှံ့ ဝဲပတ်ပျံသန်း နေခဲ့တယ်လို့လည်းသိရပါတယ်။
အခု ညနေ ၄ နာရီ လောက်အထိ တောတွေထဲ အကြမ်းဖက်စစ်တပ်က တပ်ဖြန့်ရှာဖွေ လုပ်နေတဲ့အတွက် ဒီပဲယင်းနယ်အရှေ့ဘက်ခြမ်းက ကျေးရွာပေါင်း ၁၅ ရွာလောက်က ဒေသခံပြည်သူတွေဟာ သူတို့ရဲ့နေအိမ်တွေဆီကို မပြန်နိုင်ဘဲ တိမ်းရှောင် နေကြရပါတယ်။