စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ မုဌေါတောင်ရွာက အန်အယ်လ်ဒီ ပါတီထောက်ခံသူတစ်ဦး ဇွန်လ ၁၆ ရက် ညပိုင်းက နေအိမ်မှာ သေနတ်နဲ့ ဦးခေါင်းကို ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
"မနေ့ည ၉ နာရီလောက်မှာ ပစ်သတ်ခံလိုက်ရတာ။ အန်အယ်လ်ဒီပါတီကို ထောက်ခံနေတဲ့ လူငယ်ပါ။ ဒေသလုပ်တူမီးသေနပ်နဲ့ပစ်တာမဟုတ်ဘူးဗျ။ စစ်သားတွေကိုင်သလိုသေနတ်နဲ့ ဦးခေါင်း ကိုတေ့ပစ်သွားတာ။ ပျူစောထီးအဖွဲ့တွေ လက်ချက်ပဲ။” လို့ မုဌေါတောင်ရွာ ဒေသခံတစ်ဦးက ပြောပြပါတယ်။
သေဆုံးသွားတဲ့ ရွာသားအမည်ဟာ ကိုစိန်မောင်နီ ဖြစ်ပြီး ခန့်မှန်းအသက် ၂၇ နှစ်လောက်ရှိမယ်လို့လည်း ရွာသားတစ်ယောက်က ပြောပါတယ်။
မုဌေါရွာဟာ မုဌေါတောင်ရွာနဲ့ မုဌေါမြောက်ရွာဆိုပြီး ကျေးရွာနှစ်ရွာရှိတာဖြစ်ပါတယ်။ ကနီမြို့နယ်အတွင်း အန်အယ်လ်ဒီပါတီကို ထောက်ခံသူတွေ အသတ်ခံရတာ ဒါပထမဆုံး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နေပြည်တော်ထောက်ခံပွဲမှာ သတင်းသမားအမည်ခံ စစ်တပ်ထောက်ခံသူတွေနဲ့ မဘသ တွေက လက်နက်ကိုင်ဆောင်ခွင့်တောင်းဆိုခဲ့ပြီးနောက် တပ်ထောက်ခံသူတွေရော သတင်းပေး ဒလန်တွေပါ လက်နက်ကိုင်ဆောင်နေကြပါတယ်။
ဒါအပြင် အန်အယ်လ်ဒီပါတီဝင်တွေ၊ ပါတီထောက်ခံသူတွေနဲ့ အန်အယ်လ်ဒီပါတီရုံးတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ အခုရက်ပိုင်း ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။