စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ် ၉၅ ရက်မြောက်ရက်နေ့အဖြစ် ဇွန်လ ၁၃ ရက်နေ့က ဆန္ဒပြအင်အား ၂၀၀၀ လောက်နဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ကျေးလက်နေပြည်သူတွေ ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ကျောင်းသူလေးတစ်ဦးက "ဒီ စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲမှာ အောင်စိတ်ကို စိတ်မှာထားပြီး နိုင်ကိုနိုင်ရမယ်ဆိုတဲ့ ခံယူချက်စတဲ့ အချက် ၂ ချက်ကို ဖိနပ်တရန်လိုစီးပြီး အမှန်တရားကို ဦးထုပ်လိုဆောင်းကာ ဝမ်းနည်းမှုတွေကို သတ္တိအဖြစ်ပြောင်းပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်သုတ်သင်ကြဖို့” တိုက်တွန်း ပြောပါတယ်။
ယင်းမာပင်မြို့နယ် အရှေ့ဘက်ခြမ်းနဲ့ ဆားလင်းကြီးမြို့နယ် မြောက်ဘက်ခြမ်းမှာရှိတဲ့ မြောက်ယမားချောင်းအနီးက ကျေးရွာတွေ စုပေါင်းဆန္ဒဖော်ထုတ်တာဖြစ်ပြီး နေ့စဉ် ဆန္ဒပြအင်အားကောင်းနေဆဲ သပိတ်စစ်ကြောင်းတစ်ခုဖြစ်ပါတယ်။