ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီလက်ထက် အသစ်ခန့်ထားတဲ့ စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဟာ စစ်တပ်နဲ့ ပေါင်းပြီး အပြစ်မဲ့ ပြည်သူတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဟာ အကြမ်းဖက်စစ်ကောင်စီလက်ထက်မှာ စည်ပင်ကော်မတီဥက္ကဋ္ဌနေရာကို ရရှိလာပြီးနောက်ပိုင်း ကန်ကြီးထောင့်မြို့မစျေးကြီးကို နှစ်ထပ်ဈေးဖြစ်အောင်လုပ်ပေးမယ် ပြောဆိုပြီးနောက်ပိုင်း မီးလောင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“သူက ဒီစစ်တပ်လက်ထက်ရောက်မှ နေရာရလာတာ။ စစ်ကောင်စီနဲ့ ပေါင်းပြီး တမြို့လုံးကို လိုက်ဖမ်းခိုင်းနေတာ။ ဖမ်းတိုင်းလည်း သူ ရှေ့ဆုံးက ပါတယ်။ သူ ပြောတဲ့ နှစ်ထပ်ဈေးကြီး လုပ်ပေးမယ်ဆိုတဲ့ဈေးကတော့ မီးလောင်သွားပြီး အကုန်ဒုက္ခပေးနေတာ ခံရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ကန်ကြီးထောင့်မြို့မဈေး မီးလောင်ပြီးနောက်ပိုင်း စည်ပင်ကော်မတီဥက္ကဋ္ဌ လက်ညှိုးထိုး ဖမ်းခိုင်းမှုကြောင့် အပြစ်မဲ့ ဒေသခံပြည်သူ ၆ ဦး ဖမ်းဆီးခံခဲ့ရပြီး လူငယ် ၂ ဦးသာ ပြန်လွတ်လာသေးတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။