စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဇွန် ၉ ရက်က ၃၅ မိုင်နဲ့ ၃၆ မိုင်ကြား အကြမ်းဖက်စစ်တပ်နဲ့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က ၈ ယောက် သေဆုံးသွားခဲ့ပြီး ၁၁ ယောက် ဒဏ်ရာရရှိခဲ့ကာ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကတော့ ကျဆုံးရှိ၊ မရှိ မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခု တိုက်ပွဲဖြစ်တဲ့ရွာနားက ရွာသား ၃ ဦးကိုလည်း ဘာမှမဆိုင်ပဲ ရိုက်နှက်တာတွေ ရှိတယ်။ ငါတို့ကို တိုက်ခိုက်တာ ဟောဒီရွာကလို့ စွပ်စွဲပြောဆိုပြီး သေနတ်ပစ်ဖောက်တာတွေ ရှိတယ်။ တစ်ရွာလုံးကို မီးရှို့ပစ်မှာဆိုပြီးတော့လည်း ခြိမ်းခြောက်သွားသေးတယ်”လို့ ဒေသခံ တစ်ဦး ပြောပါတယ်။
ကနီမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကနီပြည်သူ့ကာကွယ်ရေးတပ် PDFနဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။