ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပလနကျေးရွာမှာ ဇွန်လ ၈ ရက်နေ့က လူငယ်စုံတွဲ နှစ်ယောက် နေ့ခင်းကြောင်တောင် ဓားထိုး လုယက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“အစကတော့ သမီးရည်းစား စကားများနေကြတယ်လို့ထင်တာ။ နောက်မှ ကောင်လေးနှစ်ယောက် ဆိုင်ကယ် မောင်းပြေးသွားမှ လုယက်ခံတာကို သိတာ”လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။
ဖုန်းလုခံရပြီးနောက် ကောင်လေးမှာ ကျောဘက်၊ ခါးနဲ့ခေါင်းတို့မှာ ဓားထိုးခံရကာ ကောင်မလေးကတော့ ခေါင်းမှာရှပ်ထိ ဒဏ်ရာရသွားပေမဲ့ မစိုးရိမ်ရဘူးလို့သိရပါတယ်။
ပြီးခဲ့တဲ့ရက်တွေကလည်း တပ်ကုန်းရွှေလမ်းမကြီး လမ်းသွယ်မှာ ဆွဲကြိုးလုယက်ခံရမှုဖြစ်ခဲ့သလို နောင်နန်းကျေးရွာ ဂျော်ဘွမ်ခရစ်ယာန်ဆုတောင်းတောင်မှာလည်း ဓားထောက်လုယက်ခံရမှုတွေရှိခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ပြည်သူတွေ စီးပွားရေးကျပ်တည်းမှုနဲ့ အကြီးအကျယ်ရင်ဆိုင်နေရပြီး အထူးသဖြင့် မြစ်ကြီးနားမှာ လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲသူများပြားလာတာကြောင့် လုယက်ခံရမှုတွေ ပိုများလာနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။