ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ဇွန်လ ၈ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်တွေက လူနေရပ်ကွက်တွေထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ တိုင်းရင်းသား ပြည်သူလူထုတွေရဲ့ နေအိမ်တွေအများအပြား ပျက်စီးဆုံးရှုံးသွားပါတယ်။
အကြမ်းဖက်စစ်တပ်က ဒီးမော့ဆိုမြို့နယ် ထွီလီးဘီလာရွာအနီး တောင်ပေါ်မှာ တပ်စွဲထားပြီး လူနေရပ်ကွက်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့သလို ဒီးမော့ဆိုနဲ့ လွိုင်ကော်အခြေစိုက် တပ်ရင်းတွေကလည်း မနေ့ညနေ ၆ နာရီကျော်အထိ အမြောက်လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့ရာမှာ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဒေါငံခါးရပ်ကွက်အပါအဝင် ရပ်ကွက်တချို့မှာ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါတယ်။
မနေ့မွန်းလွဲ ၂ နာရီလောက်က ဒီးမော့ဆိုမြို့နယ် ဆိုဒဲခူကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် ( KNDF) တို့ တိုက်ပွဲ ၂ နာရီကျော် ဖြစ်ပွားခဲ့ပါတယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။ ဒီတိုက်ပွဲမှာ နှစ်ဘက် ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။
အကြမ်းဖက်တပ်ဖွဲ့ဝင် အင်အား ၄၀၀ လောက်ဟာ ကရင်ပြည်နယ် သံတောင်ကြီးမြို့ဘက်ကနေ ရှမ်းပြည်နယ်၊ ဆီးဘူးရွာကို ဖြတ်ကျော်ကာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို အင်အားအလုံးအရင်းနဲ့ ဝင်လာနေတဲ့ အတွက် ပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ လုံခြုံရေး သတိရှိကြဖို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။
Photo Credit - KNDF