ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အန်အယ်လ်ဒီမြို့နယ်အလုပ်အမှုဆောင်တွေကို အကြမ်းဖက်စစ်ကောင်စီက အမည်စာရင်းတွေ ကောက်ယူနေတာကြောင့် မြို့နယ်အလုပ်အမှုဆောင်တွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အကြမ်းဖက်စစ်ကောင်စီက တရားမဝင် အာဏာသိမ်းပြီး ရက်ပိုင်းမှာ ပါတီရုံးကို ဝင်ရောက်ရှာဖွေပြီး စာရင်း ဇယားတွေကို ယူဆောင်သွားပြီးကာမှ အခုလို စာရင်းကောက်ယူနေတာကို နားမလည်နိုင်ဘူးလို့ ဒေသခံတစ်ဦးကပြောပါတယ်။
"တကယ်ဆို သူတို့အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာ မြို့နယ်ပါတီရုံးကို ဝင်စီးပြီး စာရွက်စာတမ်းတွေယူသွားတာရှိတယ်လေ။ အဲဒီအထဲမှာ မြို့နယ်အလုပ်အမှုဆောင်စာရင်းတွေလည်း ပါသွားမှာပဲလေ။ အာဏာသိမ်းတဲ့မနက်ကလည်း အလုပ်အမှုဆောင်တချို့ကို ဖမ်းဆီးပြီး ပြန်လွှတ်ခဲ့တာတွေ ရှိတယ်။ တွဲဘက်အတွင်းရေးမှူး ကိုနေလင်းအောင်ကိုတောင် ဘေး/စီ ပုဒ်မနဲ့ပြီးမှ ထပ်ဖမ်းတာလေ။ အခုစာရင်းပြန်ကောက်နေတယ်ဆိုတော့ စဉ်းစားစရာပဲ။"
အခုရက်ပိုင်း ဗန်းမော်မြို့နယ်မှာလည်း အန်အယ်လ်ဒီပါတီရဲ့ခရိုင်/မြို့နယ် အလုပ်အမှုဆောင် ၃ ယောက် ထက်မနည်းဖမ်းဆီးခံထားရပါတယ်။
ရွှေကူမြို့နယ်က အလုပ်အမှုဆောင်တချို့ရဲ့ နေအိမ်တွေကိုလည်း ရဲနဲ့စစ်တပ်က ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပေမဲ့ ကြိုတင်တိမ်းရှောင်နေကြတာကြောင့် ဖမ်းဆီးခံရတာမရှိသေးဘူးလို့သိရပါတယ်။