ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ထဲက လိုင်းပြေးဆွဲနေတဲ့ ပုဂ္ဂလိက မော်တော်ကြီးတွေကို အကြမ်းစစ်ကောင်စီက ရေကြောင်းခရီးတွေမှာ အသုံးပြုဖို့ အဓမ္မ ချောဆွဲနေပါတယ်။
ဒေသခံတစ်ဦးက “မော်တော်ကြီး(သံခွန်)တွေကို ချောခေါ်တာ တွေ့ရတယ်။ လူများများတင်လို့ရတာကို ခေါ်တာလို့သိရတယ်ဗျ။ မြို့နဲ့အနီးတဝိုက်အတွက် ဆီ ၅ ဂါလန်ပေးတယ်။ နည်းနည်းဝေးရင် ၁၅ ဂါလန် ပေးတယ်။ ဘယ်သူက လိုက်ရဲမှာလဲဗျာ။ ချောလိုက်ရမှာကြောက်လို့ စက်ပျက်နေတယ် ဘာညာဆိုပြီး အကြောင်းပြရင်လည်း နောက်ထပ်လိုင်းပြေးဆွဲခွင့် ပိတ်မယ်တဲ့။ ပြီးတော့ ချောမလိုက်ဘဲ အကြောင်းပြချက်တွေ ပေးနေရင် မော်တော်ကို ပစ်မြှုပ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တာတွေ လုပ်နေတော့ မော်တော်ပိုင်ရှင်တွေခမျာ ရွေးချယ်စရာလမ်းမရှိဝောာ့ဘူး ဖြစ်သွားတာဗျ။ သူတို့ ချောခေါ်လို့ လိုက်သွားပြန်ရင်လည်း နှစ်ဘက်ပစ်ခတ်မှုတွေဖြစ်ရင်ဒုက္ခရောက်ကုန်ရော။ ဒီနေ့တောင် သင်္ဘောဆိပ်မှာ သံခွန်တစီး ကပ်ထားပေးတာတွေ့ရတယ်။ ဘယ်သူ့မော်တော်လဲတော့ မသိဘူးဗျ” လို့ ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ရွှေကူမြို့နယ်ကို ဖြတ်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်တပ်တွေနဲ့ လက်နက်ရိက္ခာတွေ သယ်ပို့ရာမှာ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံနေရတာကြောင့် မော်တော်ပိုင်ရှင်တွေက စိုးရိမ်ကြောက်လန့် နေကြတာ ဖြစ်ပါတယ်။
ယခင်စစ်အစိုးရတွေလက်ထက်တုန်းကလည်း ပြည်သူတွေကို အဓမ္မ လုပ်အားပေးခိုင်းစေတာ၊ မော်တော်ကား၊ စစ်လှေ၊ မော်တော်၊ သင်္ဘောစတဲ့ ပြည်သူ ပိုင်ပစ္စည်းတွေ အဓမ္မချောဆွဲတာတွေကို အကြမ်းဖက်စစ်အုပ်စုက ဆယ်စုနှစ်တွေနဲ့ချီပြီး လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။