
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကင်းတောင်ကျေးရွာနားမှာရှိတဲ့ ပညာဒါနကျောင်း ဆောက်လုပ်ဖို့ ကြိုးပမ်းနေတဲ့ ပြည်သူ ၇ ယောက်ကို အေအေလက်နက်ကိုင်အဖွဲ့နဲ့ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ အကြမ်းဖက်စစ်တပ်ကနေ ဇွန်လ ၅ ရက်နေ့မှာ ဖမ်းဆီးသွားပါတယ်။
တောင်ကုတ်ဒေသခံတစ်ဦးက “ကျောင်းဖြစ်မြောက်ရေးအတွက် အလှူခံတဲ့ အလှူခံအဖွဲ့က လူ ၇ ယောက်ကို ဖမ်းဆီးသွားတယ်လို့ သိရတယ်။ ကျနော်တို့ ကြားတာကတော့ တောင်ကုတ်တပ် အမှတ်- ၃၄၆ က ဖမ်းသွားတယ်။ ဒီပညာဒါနကျောင်းကို ဦးဆောင်ဆောက်တဲ့ သူတွေဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ရှိတယ်။ ဒီကျောင်းဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေက ဦးဆောင်ဆောက်နေတယ်ဆိုပြီး သူတို့ကသံသယနဲ့ ဖမ်းသွားတာ” လို့ ပြောပါတယ်။
အဆိုပါ ပညာဒါနကျောင်းဟာ တောင်ကုတ်မြို့ရဲ့ မြောက်ဘက် ၉ မိုင်လောက်လောက်ဝေးပြီး ကင်းတောင်ရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့နေရာမှာ ဆောက်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်တို့ ၂ နှစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်ဥပဒေတွေနဲ့ ဖမ်းဆီးတရားစွဲခံနေရသူပေါင်း ၂၀၀ ကျော်ထိရှိပါတယ်။
လက်ရှိအချိန်မှာတော့ အကြမ်းဖက်နဲ့တရားစွဲဆိုထားသူတွေရဲ့အမှု တချို့ကို ပြန်လည်ရုပ်သိမ်း တာတွေလည်း ရှိနေပါတယ်။