လာမယ့် ဇွန် ၃ ရက် မနက်ပိုင်းမှာ ရန်ကုန်တိုင်းအတွင်း မြို့နယ်ပေါင်း ၁၀ မြို့နယ်မှာ လျှပ်စစ်ဓာတ်အား အချိန်ပိုင်း ယာယီပြတ်တောက်နိုင်တယ်လို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက အသိပေးချက် ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်း ခရိုင်နဲ့ မြို့နယ်တွေမှာ လျှပ်စစ်ဓာတ်အားလိုင်းနဲ့ မလွတ်ကင်းတဲ့ သစ်ပင်သစ်ကိုင်းတွေ ခုတ်ထွင်ရှင်းလင်းတာတွေ၊ ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံတွေ ထိန်းသိမ်းပြုပြင်တာတွေကို မနက် ၉ နာရီကနေ ၁၂ နာရီထိ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို လုပ်ငန်းဆောင်ရွက်နေစဉ် အချိန်အတွင်းမှာ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ ရန်ကင်း၊ မရမ်းကုန်း၊ လှိုင်၊ မင်္ဂလာဒုံ၊ သန်လျင်မြို့နယ်တွေထဲက ရပ်ကွက်တချို့မှာ အချိန်ပိုင်း ယာယီဓာတ်အားပြတ်တောက်မှု အနည်းငယ် ရှိနိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။